ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ကီဗင် ဒီဘရိုင်းနား ကို ဘာလို့ မသုံးခဲ့သလဲ ဖြေရှင်းချက် ထုတ်လာတဲ့ ပပ်

မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာက ကီဗင် ဒီဘရိုင်းနားဟာ ဘရန့်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်ကို တံကောက်ကြောဒဏ်ရာ စိုးရိမ်ရမှုကြောင့် လွဲချော်ခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ဩဂုတ်လက ရခဲ့တဲ့ တံကောက်ကြော စုတ်ပြဲဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် ယခုရာသီကို ၅ လအထိ လွဲချော်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လကမှ အသင်းအတွက် ပြန်ကစားပေးခဲ့တာဖြစ်ပါတယ်။
ဒီဘရိုင်းနားဟာ မြက်ခင်းစိမ်းနဲ့ ကာလရှည် ဝေးကွာနေခဲ့ပေမယ့်လည်း ပါဝင်ကစားပေးခဲ့တဲ့ ပွဲစဉ် ၈ ပွဲမှာ သွင်းဂိုး ၂ ဂိုး၊ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပြီး သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ပြသထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့်လည်း အင်္ဂါနေ့ညက ဘရန့်ဖို့ဒ်ကို အီတီဟတ်မှာ လက်ခံယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဒီဘရိုင်းနားဟာ အရန်လူစာရင်းထဲမှာသာ ပါဝင်ခဲ့ပြီး ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ရေးမှာလည်း ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ဒီဘရိုင်းနားဟာ တစ်ပွဲလုံးကို အရန်ခုံပေါ်မှာသာ အချိန်ကုန်ဆုံးခဲ့ပြီး အာလင်း ဟာလန်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ မန်ချက်စတာစီးတီးက ၁-၀ နဲ့ ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ်ရရှိခဲ့တာ ဖြစ်ပါတယ်။
“ဒီနေ့ ကျွန်တော်တို့ ကီဗင်ကို မသုံးနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူ့ တံကောက်ကြောမှာ သက်တောင့်သက်သာ သိပ် မဖြစ်နေလို့ပါ။ ကျွန်တော်တို့ ဘယ်လို အရဲစွန့်မှုမျိုးမှ မလုပ်ချင်ပါဘူး။
သူ အဆင်ပြေပါတယ်။ အဆင်ပြေတယ်။ အဲဒါက သတိပိုထားတဲ့သဘောဖြစ်ပြီး ကြိုတင်ကာကွယ်မှုပါ။ သူ သက်တောင့်သက်သာဖြစ်တယ်လို့ မခံစားခဲ့ရဘူး။
ဆရာဝန်ကတော့ နည်းနည်းတော့ အန္တရာယ်ရှိနိုင်တယ်လို့ ပြောခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့လည်း အိုကေပါပေါ့။ ၅ လတောင် အနားပေးခဲ့ပြီးနောက် ကျွန်တော်တို့ သူနဲ့ပတ်သက်ပြီး ဘာအရဲစွန့်မှုမျိုးမှ မလုပ်ချင်ပါဘူး။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။