ပက် ဂွာဒီယိုလာကသာ ခေါ်ရင် မန်စီးတီးအသင်းဆီ ချက်ချင်းသွားမှာ ဆိုတဲ့ ဝိန်း ရွန်းနီ
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးက The Overlap အစီအစဉ်မှာ တချိန်က ယူနိုက်တက် အသင်းဖော်ဟောင်း ရွန်းနီကို လက်ထောက် နည်းပြ အဖြစ် အလုပ် လုပ်ဖို့ ဆန္ဒရှိမရှိ မေးမြန်းခဲ့ပါတယ်။
ရွန်းနီဟာ ဘောလုံးသမားဘဝက အနားယူပြီးနောက် လက်ထောက် နည်းပြအဖြစ် အလုပ် လုပ်ခဲ့သေးပြီး ကိုယ်တိုင် မန်နေဂျာအဖြစ် တာဝန်ယူချိန်မှာတော့ အောင်မြင်မှု မရဖြစ်နေခဲ့တာပါ။
ဝိန်း ရွန်းနီ နောက်ဆုံး လုပ်ခဲ့တာက ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် စီးတီး ဖြစ်ပြီး မအောင်မြင်ဘဲ ထုတ်ပယ်ခံခဲ့ရပါတယ်။
နဗီးရဲ့ လက်ထောက် နည်းပြ အလုပ် လုပ်ချင်လား မေးခွန်းကို ရွန်းနီက ” အခြေအနေပေါ် မူတည်ပါတယ် “လို့ တုန့်ပြန်ခဲ့တယ်။
ဆက်လက်ပြီး ရွန်းနီက ” ဂွာဒီယိုလာကသာ ကျနော်ကို သူ့လက်ထောက် လာလုပ်ပါ ဆိုရင်တော့ မန်စီးတီးကို ချက်ချင်း သွားလိုက်မှာပါ။
အာဆင်နယ်မှာ အာတီတာ ဘာတွေကို လုပ်နေတယ်ဆိုတာ ခင်ဗျားတို့လည်း မြင်ပါတယ်။ သူ အာဆင်နယ်မှာ အဆင်ပြေနေတာဟာ ဂွာဒီယိုလာထံက အကောင်းဆုံး သင်ယူခဲ့ရလိုဖြစ်ကြောင်း ကျနော်ကတော့ ယုံကြည်ပါတယ်။
ဒီတော့ ဂွာဒီယိုလာက လက်ထောက် လာလုပ်ပါလို့ ကမ်းလှမ်းရင်တော့ ကျနော် စီးတီးကို သွားမှာပါ ” လို့ ဖြစ်ပါတယ်။
ရွန်းနီ ပြောသလိုပဲ အာတီတာဟာ မန်စီးတီးမှာ ဂွာဒီယိုလာနဲ့ လက်တွဲပြီး အကောင်းဆုံး သင်ယူမှု လုပ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်တင် မကဘဲ ချန်ပီယံလိဂ်ကိုပါ စတင် စိန်ခေါ်နေပြီပဲ ဖြစ်ပါတယ်။