စီးတီးသာ မဟန်ရင် နောက်နှစ် ပရီးမီးယားလိဂ် ချန်ပီယံက မန်ယူပဲ လို့ အပိုင်ဟောကိန်းထုတ်လာတဲ့ ဂစ်
လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ်မှာ သူရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံအသင်း ဖြစ်လာလိမ့်မယ်လို့ သရဲနီဟောင်းကြီး ရိုင်ယန်ဂစ်က ခန့်မှန်း ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက် ဟာ နည်းပြကြီး ဆာ အဲလ်လက်စ် ဖာဂူဆန် ထွက်ခွာသွားပြီး နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အလှမ်းဝေးသွားခဲ့တာဟာ အခုဆိုရင် ဆယ်စုနှစ် တစ်ခုလောက်အထိတောင် ကြာမြင့်နေခဲ့ပြီပဲ ဖြစ်ပါတယ်။
ရှယ်ယာရှင်သစ် အဖြစ် ဆာ ဂျင် ရက်ကလစ် ရောက်လာတာနဲ့အတူ ယူနိုက်တက် ရဲ့ အုပ်ချုပ်မှုပိုင်း အပြောင်းအလဲတွေဟာ ဂစ်ကို စိတ်လှုပ်ရှားစေပါတယ်။
ဒီရာသီ တာထွက်မကောင်းပေမယ့် လက်တလောမှာ ယူနိုက်တက်ဟာ Top 4 နေရာအတွက်လည်း စတင် ဖိအားပေးနေပါပြီ။

ဒါပေမယ့်လည်း ယူနိုက်တက်နဲ့ ဝေးလ်စ်အသင်းတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ရိုင်ယန်ဂစ်ကတော့ လာမယ့်ရာသီမှာပဲ စီးတီးသာ မဟန်ရင် ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူသွားနိုင်တော့မယ်လို့ ခိုင်ခိုင်မာမာ ဟောကိန်းထုတ်သွားခဲ့ပါတယ်။
“ကျွန်တော်ကတော့ ယူနိုက်တက် အသင်းကို လာမယ့် ဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်လာမယ်လို့ ထင်ပါတယ်။ အဲ့ဒီလို ဖြစ်လာမယ်လို့ ကျွန်တော် အသေအချာ ထင်မြင်မိပါတယ်။
မန်စီးတီးအသင်း ဘာတွေ ဆက်ဖြစ်မလာမလဲ ဆိုတာကိုပဲ စောင့်ကြည့်ရတာပေါ့။ ပြောမယ် ဆိုရင် လာမယ့်ရာသီမှာ ကလော့ပ်က မရှိတော့ဘူး။ အာဆင်နယ်အသင်းကလည်း အသုံးစရိတ် အများကြီးတွေ အသုံးပြုနိုင်တော့မှာ မဟုတ်ဘူး။
အဲ့ဒီအချိန် ထူးခြားတဲ့ ကိစ္စတွေလည်း ဖြစ်ကုန်လိမ့်မယ်။” လို့ ရိုင်ယန်ဂစ်က သုံးသပ် ခန့်မှန်း ပြောဆိုသွားခဲ့ပါတယ်။
