စီးတီးနဲ့ လီဗာပူးကို အလဲထိုးပြီး မန်ယူက ဖလားတွေ ယူမယ် လို့ စိန်ခေါ် ကြွေးကြော်လိုက်တဲ့ မန်ယူ ပူးတွဲပိုင်ရှင်သစ်

ယူနိုက်တက် ရှယ်ယာရှင်သစ် ဖြစ်လာတဲ့ ဆာ ဂျင် ရက်ကလစ်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ၃ နှစ်အတွင်း ထိပ်ဆုံးအဆင့်တွေထံ ပြန်ရောက်အောင် တည်ဆောက်ပြီး ပရီးမီးယားလိဂ်မှာ ဦးဆောင်နေတဲ့ မန်စီးတီး၊ လီဗာပူးတို့ကို နလန်မထူနိုင်အောင် အလဲထိုး ရှင်းထုတ်မယ်လို့ ကြွေးကြော်လိုက်ပါတယ်။
INEOS အဖွဲ့ဟာ ယူနိုက်တက် ပူးတွဲပိုင်ရှင်တွေ ဖြစ်လာတဲ့နောက် အိုးထရတ်ဖိုဒ့်ကို ပြန်လည် ပြုပြင်မှုတွေ လုပ်ရာမှာ ကွင်းနဲ့တကွ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲတွေလည်း ပါဝင်လာတာပါ။
ယူနိုက်တက်ဟာ မြောက်ပိုင်းက အင်အားကြီး ပြိုင်ဘက်တွေကို ကျော်တက်ဖို့ပါ ရည်ရွယ်ထားကြောင်း ရက်ကလစ် က ဖော်ထုတ်လိုက်ပါတယ်။
ရက်ကလစ်က ” မန်စီးတီးက အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ ကျနော်တို့ရဲ့ Noisy Neighbours တွေ ဖြစ်တဲ့ သူတို့ထံကနေ အများကြီး သင်ယူပါမယ်။ နောက်ထပ် အိမ်နီးနားချင်းဖြစ်တဲ့ လီဗာပူးထံကကောပါပဲ။
သူတို့က ကျနော်တို့ရဲ့ ရန်သူတွေပါ။ သူတို့ကို အလဲထိုး ဦးချိုးပစ်ပြီး ယူနိုက်တက်ကို ပိုကောင်းတဲ့ နေရာ ပို့ဆောင်ပေးချင်တာ အလုပ်ချင်ဆုံး ကိစ္စပါပဲ။
ကျနော်တို့ သုံးသင်းဟာ မြောက်ပိုင်းရဲ့ အသင်းကောင်း ၃ သင်းဖြစ်ပါတယ်။ ကျနော်တို့ကြား နီးနီးစပ်စပ် တူညီမှုတွေရှိပါတယ်။ လက်တလောမှာတော့ ဆုဖလားတွေအတွက် သူတို့က နည်းနည်းလေး ပိုကောင်းတဲ့ အဆင့်မှာ ရှိနေကြပါတယ်။ မန်စီးတီးရော လီဗာပူးရောပေါ့လေ။
နှစ်သင်းလုံးဆီက ကျနော်တို့ သင်ယူရမှာတွေ ရှိနေပါတယ်။ သူတို့မှာ ကောင်းမွန်တဲ့ အစုအဖွဲ့နဲ့ ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ ရှိထားပါတယ်။ ကလပ်တွေကို မောင်းနှင်နေတဲ့ ထိပ်တန်းအဆင့် ပတ်ဝန်းကျင်လည်း ရှိထားပါတယ်။
အကျိုးဆက်ကတော့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာတာပါပဲ။ သူတို့တွေကို ကျနော် လေးစားပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျနော်တို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရန်သူတွေပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။