ရန်ကုန်၊ ပုဇွန်တောင် ရေကျော်တွင် ရထား နှစ်စင်း တိုက်မိပြီး လူကူးတံတား ကျိုးကျ
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ၈ ရပ်ကွက် ရေကျော် ရထားလမ်းပိုင်းမှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက် ၇ နာရီခွဲက ရထား နှစ်စီး တိုက်မိပြီး လမ်းကူးတံတား ကျိုးကျကာ လူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကုန်တင်ရထားနဲ့ ရှန်တိန်ရထားတိုက်မိခဲ့ရာ ရေကျော် – လွတ်လပ်ရေး မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ရထားလမ်းကူးတံတားလည်း ကျိုးကျသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ရထားနှစ်စီးတိုက်လို့ လာကြည့်တာ ဒဏ်ရာရတဲ့သူတွေရှိတယ်။ လက်တို့ ခြေထောက်တို့ ခိုက်မိတာ ဒဏ်ရာကြီးကြီးမားမားတော့ မရှိဘူး “လို့ ပြောပါတယ်။
ကုန်တင်ရထားမှာ မီးနီကို စောင့်နေစဉ် အနောက်မှလာတဲ့ ရှန်တိန်ရထားက အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်ခဲ့တာဖြစ်တယ်လို့ မီးရထားနဲ့နီးစပ်သူ တဦးက ပြောပါတယ်။

“ရထားတိုက်တော့ ကုန်တွေလည်း ပြုတ်ကျတယ်။ ကုန်ရထားပေါ်မှာ ပါလာတဲ့လူတွေ ထိမိတာ ရှိတယ်။ လူကူးတံတားက ကျိုးကျတာတော့ ရုံပိုင်တွေက စစ်ဆေးနေတယ်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာမရှိဘူး”လို့ ရှင်းပြပါတယ်။
ပုဇွန်တောင်မြို့နယ် နေထိုင်သူတဦးက “လူထိခိုက်မိတာတော့ မကြားဘူး။ မူးမူးနဲ့ မောင်းတယ်လို့ ကြားတယ်။ နောက်က ရထားမောင်းသမားက မူးပြီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တာလို့ သိရတယ်” လို့လည်း ပြောခဲ့ပါတယ်။
လက်တလောမှာ ရထားနှစ်စီးတိုက်မိတာနဲ့ပတ်သတ်ပြီး မီးရထားက တာဝန်ရှိသူတွေက စစ်ဆေး နေတယ်လို့ သိရပါတယ်။
