မန်စီးတီးကနေ ထွက်ခွာပြီး ရည်မှန်းချက် တစ်ခု ဖြည့်ဆည်းချင်နေသေးတဲ့ ပက် ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံလက်ရွေးစင်အသင်း တစ်သင်းကို တာဝန်ယူကိုင်တွယ်လိုကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။

ဒါပေမယ့် သူ့ကို ဘယ်နိုင်ငံက အလိုရှိမလဲဆိုတာကိုတော့ မသိသေးဘူးလို့တော့ ပက် က ဆိုပါတယ်။

မန်စီးတီးအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတဲ့ ဂွါဒီယိုလာဟာ အနာဂတ်မှာနိုင်ငံအသင်းတစ်သင်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ စိတ်ကူးရှိနေတာဖြစ်ပါတယ်။

အသက်-၅၄ နှစ်အရွယ် နည်းပြကို ယခင်က ဘရာဇီး၊ အင်္ဂလန်နဲ့အမေရိကန်တို့က ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမယ့် ကလပ်အသင်းတွေမှာပဲ ဆက်လက် ကျင်လည်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

သို့သော်လည်း ယခုအခါမှာတော့ ဂွါဒီယိုလာက သူ့ရဲ့နည်းပြဘဝမှာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် နိုင်ငံအသင်းတစ်သင်းကို တာဝန်ယူလိုနေပြီး ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲနဲ့၊ ကိုပါအမေရိကပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်လိုနေတာ ဖြစ်ပါတယ်။

အောင်မြင်မှုယူဖို့ တစ်ခုခု ကျန်ရှိနေသေးသလားလို့မေးမြန်းခဲ့ရာ ဂွါဒီယိုလာက “နိုင်ငံအသင်းမှာ နည်းပြအဖြစ်ဆောင်ရွက်ဖို့ ကျန်ပါသေးတယ်။ ကျွန်တော်၊ ကမ္ဘာ့ဖလား ဒါမှမဟုတ် ယူရိုချန်ပီယံရှစ်မှာ နိုင်ငံအသင်း တစ်သင်းကို တာဝန်ယူချင်ပါတယ်” လို့ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး တာဝန်ယူဖို့ စိတ်ကူးထားတဲ့ နိုင်ငံအသင်းရဲ့အမည်ကိုမေးမြန်းခဲ့ရာ စပိန်သားက “ဘယ်နိုင်ငံကကျွန်တော့်ကိုလိုချင်မလဲမသိပါဘူး။ နိုင်ငံအသင်းမှာ အလုပ်လုပ်ဖို့က ကလပ်အသင်းလိုပါပဲ။ အသင်းအနေနဲ့ ကျွန်တော့်ကို လိုလိုလားလားရှိဖို့လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

နည်းပြဘဝမှာ ပြိုင်ဘက်ကင်းတဲ့နည်းဗျူဟာ၊ ကျွမ်းကျင်မှုနဲ့ အောင်မြင်မှုမှတ်တမ်းတွေအရ ဂွါဒီယိုလာရဲ့အပြောင်းအရွှေ့ဟာ အနာဂတ်နိုင်ငံတကာဘောလုံးလောက အတွက် စိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်လာမှာသေချာပါတယ်။

ဂွါဒီယိုလာဟာ ကလပ်အသင်း နည်းပြဘဝမှာ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်အပါအဝင် ဆုဖလား ၃၇ လုံးအထိဆွတ်ခူးထားနိုင်ပြီး ဆုဖလား ၄၉ လုံးဆွတ်ခူးထားတဲ့ ဆာအဲလက်စ်ဖာဂူဆန်ပြီးရင် ဆုဖလားအများဆုံးဆွတ်ခူးထားနိုင်တဲ့ နည်းပြအဖြစ် ဒုတိယနေရာမှာရပ်တည်ထားနိုင်ပါတယ်။

ယခုရာသီမှာလည်း ဂွါဒီယိုလာဟာ မန်စီးတီးအတွက် နောက်ထပ်တစ်ကြိမ် ဖလား ၃ လုံးအောင်မြင်မှုကို ဆွတ်ခူးပေးနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။