နွေမှာ အမေရိကသွားပြီး အသင်းကြီး ပြိုင်ဘက်တွေနဲ့ ခြေစမ်းပွဲ ကစားမယ့် မန်စီးတီး အသင်းရဲ့ ရာသီကြို အစီအစဉ်
မန်ချက်စတာစီးတီး အသင်းဟာ လာမယ့်နွေရာသီမှာ ရာသီကြိုခြေစမ်းပွဲစဉ်ကစားဖို့ အမေရိကန်ကို ၂ ပတ်ကြာ ခရီး ထွက်သွားမှာ ဖြစ်ပြီး ချဲလ်ဆီးအသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းတွေနဲ့ ၄ ပွဲ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
ပက်ဂွါဒီယိုလာရဲ့အသင်းဟာ အသင်း ၄ သင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် မတူညီတဲ့နေရာ ၄ နေရာကို ခရီးထွက်ရမှာဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန်ကို ပြန်လည်ခရီးထွက်ခွာတာဖြစ်ပြီး ဥရောပ ထိပ်သီးကလပ် ၃ ခုနဲ့ကစားသွားမှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ မော်ရီစီယို ပိုချက်တီနိုရဲ့ ချဲလ်ဆီးကို အိုဟိုင်းယိုးပြည်နယ် ကိုလမ်ဘတ်စ်မြို့မှာ ယှဉ်ပြိုင် ကစားသွားမှာဖြစ်ပါတယ်။ ၂ ပတ်ကြာမြင့်မယ့် ခရီးစဉ်မှာ မန်စီးတီးဟာ အော်လန်ဒို၊ နယူးယောက်ခ်၊ ချာပယ်ဟေးလ်နဲ့ မြောက်ကာရိုလိုင်နားတို့ကို လှည့်ပတ်တည်းခိုသွားမှာဖြစ်ပါတယ်။
မန်စီးတီ းအသင်းဟာ ပြီးခဲ့တဲ့နှစ်ကချဲလ်ဆီးနဲ့ အာဆင်နယ်တို့ပါဝင်ခဲ့တဲ့ နွေရာသီပြိုင်ပွဲကို ကျင်းပခဲ့တဲ့ FC Series နဲ့ စာချုပ် ချုပ်ထားတယ်လို့သိရပါတယ်။ ခြေစမ်းပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်ကို ဩဂုတ်လ ၃ ရက်နေ့၊ ပရီးမီးယားလိဂ်မစတင်မီ ၂ ပတ်အလိုမှာ ကစားသွားမှာဖြစ်ပြီး ကွန်မြူနတီဒိုင်းပြိုင်ပွဲမစတင်မီ တစ်ပတ်အလို ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က မန်စီးတီးဟာ ခြေစမ်းပွဲ ၃ ပွဲကစားခဲ့ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၂ ပွဲနဲ့ တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့မှာ ၁ ပွဲကစားခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာအနေနဲ့ ခြေစမ်းခရီးစဉ်မှာ အသင်းရဲ့ကစားသမားတွေကို အပြည့်အစုံ ခေါင်းဆောင်သွားနိုင်ဖို့ ရှိ မရှိက ယူရို ၂၀၂၄ ပြိုင်ပွဲပေါ်မှာ မူတည်နေပြီး ယူရို ၂၀၂၄ ဗိုလ်လုပွဲဟာ ဇူလိုင်လ ၁၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီကြိုခရီးစဉ်တွေမှာတော့ ကစားသမားတွေဟာ နိုင်ငံရဲ့စရိတ်စကအပေါ် မူတည်ပြီး မတူညီတဲ့ အချက်တွေနဲ့အတူ ကလပ်အသင်းထံကို ပူးပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။