မန်စီးတီး ကစားသမားတွေက စူပါမင်းတွေ လို့ ဘုန်းမောက် နိုင်ပွဲ အပြီးမှာ ပက် ချီးကျူး အမွှန်းတင်

မန်စီးတီးဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘုန်းမောက်ကို အဝေးကွင်းမှာ ဖီးလ်ဖိုဒန်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ၁-၀ ဂိုးနဲ့ အနိုင်ရရှိကာ ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၁ မှတ်အကွာသို့ ရောက်လာပါတယ်။

နည်းပြ ပက်ဂွါဒီယိုလာ ကတော့ ဘုန်းမောက်ကို အနိုင်ရကာ ၄ ကြိမ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး ဆက်လက် တိုက်ပွဲဝင်နေပြီးနောက် မန်စီးတီး ကစားသမားများအား စူပါမင်းလို့ ချီးကျူးပြောကြားလာပါတယ်။

ဂွါဒီယိုလာက “ကျုပ် ကစားသမားတွေကို ချစ်တယ်။ သူတို့က စူပါမင်းတွေ။ သူတို့ အရမ်းကောင်းကြတယ်။ သူတို့ဟာ သုံးရက်တစ်ပွဲ နှစ်ပေါင်းများစွာကစားလာကြတာ။ သူတို့(ဘုန်းမောက်)က ဒီပွဲအတွက် ၇ ရက် ပြင်ဆင်ချိန်ရတယ်။ ကျုပ်တို့က အမြဲတမ်း ပြင်ဆင်ချိန် နည်းနည်းပဲရတယ်။

ကစားသမားတွေဆီက အများကြီးတောင်းဆိုရတယ်။ ဒါပေမဲ့ သူတို့ကလည်း တုံ့ပြန်တယ်။ လူတွေက သူတို့ကို ငွေတွေ အများကြီးရတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ပွဲပြက္ခဒိန်ကြည့်လိုက်ရင် အရမ်းများတာ တွေ့ရလိမ့်မယ်။ အရိုးသားဆုံး ပြောတာပါ”လို့ ပြောကြားသွားပါတယ်။

မန်စီးတီးဟာ ကြားရက်တုန်းက ဘရန့်ဖို့ဒ်ကို ၁-၀ ဂိုးဖြင့် အဝေးကွင်းမှာ အနိုင်ရပြီးနောက် ဘုန်းမောက်ကို အဝေးကွင်းမှာပင် ယင်းဂိုးရလဒ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ အင်္ဂါနေ့မှာ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် လူတန်ကို အဝေးကွင်းသို့ သွားရောက် ကစားရပါဦးမယ်။ ယင်းပွဲအပြီးမှာတော့ မန်စီးတီးဟာ မြို့ခံပြိုင်ဘက် ယူနိုက်တက်နှင့် လန်ဒန်ဒါဘီပွဲကစားရပါမယ်။