ဖိုဒန်က ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမား တစ်ယောက် ဖြစ်နေပြီ လို့ ဝမ်းသာအားရ ချီးကျူးတဲ့ ပက်

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက ဖီးလ် ဖိုဒန်ဟာ စနေနေ့က ဘုန်းမောက်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။
ဖိုဒန်ဟာ နောက်ထပ်တစ်ကြိမ် အထင်ကြီးစရာခြေစွမ်းနဲ့ မန်ချက်စတာစီးတီးရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းမှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ဂွါဒီယိုလာရဲ့အသင်းက လီဗာပူးလ်နဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ မန်ချက်စတာစီးတီးအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ထားတဲ့ အီတီဟတ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာကလည်း အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံရသင့်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ဂိုးတွေအကြောင်းမေ့ထားလိုက်ပါ။ ဂိုးတွေက အရေးကြီးတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျား သူ ဘယ်လိုကစားခဲ့လဲဆိုတာ သိလား။ သူ ဘယ်လို ဘောလုံးကို ထိန်းသိမ်းပြီး အရှိန်မြှင့်လဲ သိလား။သူက ထိပ်တန်းအဆင့်ကစားသမားဖြစ်နေပြီးသားပါ။
ချာတိတ်လေးအဖြစ်ကနေ အခုဆိုရင် သူက ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမား ဖြစ်နေခဲ့ပါပြီ။ သူက အရမ်းကောင်းတယ်။ သူက နေရာတိုင်းမှာ ကစားနိုင်တယ်။ အထူးသဖြင့် အလယ်မှာဖြစ်ပြီး တကယ် တကယ် ကောင်းကောင်း ကစားနိုင်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။