ဒိုင်အဆုံးအဖြတ်နဲ့ ထိုင်းမွေထိုင်းမယ်ကို ဘရော်နီကာရှုံးခဲ့မှုအား ဘဝင်မကျတဲ့ ပရိသတ်များ
ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက ထိုင်းနိုင်ငံ၊ ခိုလမှာ လုပ်ခဲ့တဲ့ Thai Fight : King Of Muay Thai ရဲ့ မွေထိုင်းယှဥ်ပြိုင်ထိုးသတ်ပွဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းမွေထိုင်းလက်ဝှေ့မယ် Fahsai ကို ထိုးကွက်အသားစီးနဲ့ သုံးချီအထိ ယှဥ်ပြိုင်ထိုးသတ်ပေမဲ့ ဒိုင်အဆုံးအဖြတ်အရ အမှတ်နဲ့ ရှုံးခဲ့ပါတယ်။
ဒိုင်အဆုံးအဖြတ်ကြောင့် ရှုံးခဲ့ရတဲ့အတွက် ဘရော်နီကာရဲ့ နိုင်ပွဲဆက်စံချိန်ဟာလည်းကျိုးပျက်သွားတာဖြစ်ပါတယ်။ အခုပွဲစဥ်မှာ ဘရော်နီကာနဲ့ ထိုးသတ်ခဲ့တဲ့ Fahsai ဟာအရင်က ဘရော်နီကာ နှစ်ကြိမ်တိုင်တိုင် အလဲထိုး အနိုင်ရခဲ့ဖူးတဲ့ Plaifah ဖြစ်ပါတယ်။
Fahsai ဟာအရင်က Plaifah ဆိုတဲ့ နာမည်နဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး Superchamp ရောက်တဲ့အချိန်မှာ Fahsai ဆိုပြီး နာမည်ပြောင်းလိုက်တာဖြစ်ပါတယ်။
Thai Fight နဲ့ စာချုပ်ကုန်ခါနီးဖြစ်နေတဲ့ ကာလဖြစ်တာကြောင့်လည်း ဘရော်နီကာအခုလို ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးခဲ့တဲ့အပေါ်မှာ Thai Fight ကိုဝေဖန်မှုတွေလည်းရှိနေပါတယ်။
” ထိုးကွက်ရော လက်ရည်ရောအရမ်းကွာတယ်။ ဘရော်နီကာ အားလုံးသာတယ်။ ဘာလို့ ဒိုင်တွေက ထိုင်းကို အနိုင်ပေးလိုက်လည်း မပြောတတ်ဘူး” လို့ ထိုးသတ်ပွဲစဥ်ကို ကြည့်ခဲ့တဲ့ ပရိသတ်တစ်ဦးကပြောပါတယ်။
Thai Fight ဘက်ကတော့ ဘရော်နီကာနဲ့ ထိုင်းမွေထိုင်းမယ် ပွဲစဥ်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။