ဂျက် ဂရီးလစ်ရှ် ဘာလို့ ပွဲထွက် နေရာ မရတာလဲနဲ့ နောက် ၃လ စောင့်ကြည့်မယ် လို့ ရှင်းပြလာတဲ့ ပက် ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဂျက် ဂရီးလစ်ရှ် အနေဖြင့် ခြေစွမ်းပိုင်းတိုးတက်လာပါက ပွဲထွက်ကစားခွင့်နေရာ ပြန်လည် ရရှိလာမည်ဖြစ်ကြောင်း ပြောကြားလာပါတယ်။

အသက် ၂၈ နှစ်ရှိ အင်္ဂလန် လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးအသင်း သမိုင်းဝင်ဆုဖလား ၃ လုံး ဆွတ်ခူးစဉ်က ၄၁ ပွဲ ပွဲထွက် ကစားခွင့် ရခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ယခုရာသီမှာတော့ ပရီးမီးယားလိဂ်ပွဲ ၇ ပွဲအပါအဝင် ၁၉ ပွဲတည်းသာ ပွဲထွက် ကစားခွင့် ရထားပါတယ်။

ဂွါဒီယိုလာက “ဒီကစားသမားပဲ။ ဒီနည်းပြပဲ။ ကစားတာလည်း မပြောင်းဘူး။ အခု နေရာမရတာက သူခြေစွမ်းနဲ့ပဲ ဆိုင်တာ။ ဒါကပဲ ကွဲပြားသွားတာ”လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက “ပထမဆုံးနေ့ကတည်းက ကျွန်တော် ပြောထားပါတယ်။ သူ့ကို ကျွန်တော်တို့ လိုအပ်တယ်။ သူက ကျွန်တော်တို့အတွက် စပါယ်ရှယ် ကွာလတီရှိတဲ့ ကစားသမားပါ။ ဒါပေမဲ့ အခုဟာက သူ့အပေါ်မှာပဲ မူတည်နေတယ်။ နောက်ဆုံး ၃ လမှာ သူ ကောင်းလာဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ဂျက် ဂရီးလစ်ရှ် ဟာ ၁၉ ပွဲ ပွဲထွက် ကစားခွင့်ရရှိရာမှာ ကွန်မြူနတီဒိုင်း၊ ဥရောပစူပါဖလား၊ ကလပ်ဖီဖာကမ္ဘာ့ဖလားတို့မှာ ပွဲထွက်ကစားခွင့်ရခဲ့မှု ပါဝင်ပါတယ်။

သူ နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့်ရခဲ့တာ ဒီဇင်ဘာလ ၃၀ ရက်နေ့တုန်းက ရှက်ဖီးလ်ယူနိုက်တက်နှင့်ပွဲမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ပွဲချိန် ၅၂ မိနစ်မှာ လူငယ်ကစားသမားအော်စကာဘော့ဘ်နှင့် လူစားလဲခြင်းခံခဲ့ရပါတယ်။

သူဟာ စနေနေ့တုန်းက ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲမှာလည်း အရန်ခုံမှာ ထိုင်နေခဲ့ရသလို လူတန်နှင့် ရင်ဆိုင်ရမဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာလည်း ပွဲထွက်ကစားခွင့်ရဖို့ အာမခံချက် မရှိပါဘူး။