အခြေခံလူတန်းစားတွေ စိုးရိမ်ရမှုတွေ ဖြစ်လာစေတဲ့ ကျပ် ၂၀၀၀၀ တန် ကိစ္စ ဖြေရှင်းချက်

လာမည့် မတ်လအတွင်း ကျပ် ၂၀၀၀၀ တန်တွေ ထွက်လာမယ်ဆိုတဲ့ ကောလဟာလတွေဟာ မဟုတ်မှန်ဘဲ အကန့်အသတ်နဲ့သာ လဲလှယ်ပေးနေတယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

အခုလက်ရှိ လူမှုကွန်ယက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် မတ်လအတွင်း ၂၀,၀၀၀/-ကျပ်တန်များ ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများတွေ ဆက်တိုက် ထွက်ပေးနေပါတယ်။

ငွေကြေးတတ်နိုင်သူတွေက မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ်နေတယ်လို့လည်း ဗဟိုဘဏ်က ပြောပါတယ်။

အဲဒီ ၂၀,၀၀၀/-ကျပ်တန် ငွေစက္ကူအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

ယခုအချိန်အထိ အများပြည်သူများအား ဟောင်းနွမ်းငွေစက္ကူများဖြင့် အထိမ်းအမှတ် ထုတ်ဝေခဲ့သည့် ၂၀,၀၀၀/-ကျပ်တန် အသစ်များအား အကန့်အသတ်ဖြင့်သာ လဲလှယ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း ပြောပါတယ်။

အခုလက်ရှိ ဖြစ်ပေါ်နေသောသတင်းများသည် ငွေကြေးဈေးကွက်ကို ကမောက်ကမဖြစ်အောင်၊ ပြည်သူများ အထိတ်တလန့်ဖြစ်အောင် ဝိသမလောဘသမားများက ဆောင်ရွက်နေခြင်းသာဖြစ်တယ်လို့ လည်း ဗဟိုဘဏ်က ထုတ်ပြန်ပြောဆိုပါတယ်။

ဒီတလော ၂၀၀၀၀ တန် သတင်းတွေကြောင့် ပြည်တွင်းမှာ ကျပ်ငွေ တန်ဖိုး ထပ်မံကျဆင်းမယ်ဆိုတဲ့ ကောလဟာလတွေဟာ အခြေခံလူတန်းစားတွေအတွက် စိုးရိမ်စရာ သတင်း ဖြစ်လာနေတာပဲ ဖြစ်ပါတယ်။