မန်ချက်စတာ ဒါဘီပွဲ မတိုင်ခင် ယူနိုက်တက် ပရိသတ်တွေ ကြောက်ဖျား ဖျားသွားအောင် အစွမ်းပြနေတဲ့ စီးတီး

မန်စီးတီးကတော့ မနေ့ညက လူတန်တောင်းနဲ့ အက်ဖ်အေဖလားပွဲမှာ ၂-၆ ဂိုးနဲ့ ဂိုးမိုးရွာခဲ့ပါပြီ။ ဒီပွဲမှာ ဟာလန်းနဲ့ ဒီဘရိုင်းတို့ အပြိုင်အဆိုင် ခြေစွမ်းပြခဲ့ပြီး ဟာလန်းက တစ်ယောက်တည်း (၅) ဂိုးသွင်း၊ ဒီဘရိုင်းက တစ်ယောက်တည်း ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာတင် သူတို့နှစ်ယောက်က အတွဲမိနေခဲ့ပြီး ဟာလန်းက သွင်းဂိုးဟက်ထရစ်၊ ဒီဘရိုင်းက ဂိုးဖန်တီးမှုဟက်ထရစ်ရရှိခဲ့ကြတာပါ။ မန်စီးတီးအတွက် ပွဲသိမ်းဂိုးကိုတော့ ကိုဗာချစ်က သွင်းယူပေးခဲ့တာဖြစ်ပြီး ဘာနာဒိုဆေးလ်ဗား၊ ဂျွန်စတုန်းစ်တို့ကလည်း ဒီပွဲရဲ့ ဂိုးဖန်တီးမှု စာရင်းထဲ ပါဝင်ခဲ့ပါတယ်။

မန်စီးတီးကတော့ လာမယ့်အပတ်မှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲအဖြစ် အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ဟာလန်းနဲ့ ဒီဘရိုင်းတို့ ဒီလိုမျိုး အပြိုင်အဆိုင် အစွမ်းပြခဲ့တာက ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ထိတ်လန့်စရာပါပဲ။

ဒါ့အပြင် လူတန်တောင်းနဲ့ ပွဲမှာ တစ်ယောက်တည်း ငါးဂိုးသွင်းခဲ့တဲ့ ဟာလန်းရဲ့ ဒီပွဲတစ်ပွဲတည်းက သွင်းဂိုးအရေအတွက်က ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ဒီတစ်ရာသီလုံး သွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်နဲ့ သွားတူညီနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ရပ်ရှ်ဖို့ဒ်တစ်ယောက် ဒီရာသီမှာတော့ ဂိုး (၄၀) ရမလိုလို၊ ဘာလိုလိုနဲ့ ခန့်မှန်းခဲ့ပေမယ့် တကယ်တမ်း ရာသီပြန်စပြီး တစ်ဝက်ကျော်လာတဲ့အထိ မှေးမှိန်နေတာပါ။ ဟာလန်းကလည်း ဒဏ်ရာပြဿနာကြောင့် အနားယူခဲ့ရသည့်တိုင် သူ့ရဲ့ ဂိုးသွင်းခြေစွမ်းက မကျဆင်းသွားခဲ့ဘဲ အခုချိန်မှာ ပိုပိုပြီး ဂိုးသွင်းခြေတွေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီရာသီ (၁၂) ပွဲသာ ကစားထားရသေးပြီး မန်စီးတီးအတွက် ပြိုင်ပွဲစုံ ဂိုးဖန်တီးမှုအများဆုံးလုပ်ထားတဲ့ ဒီဘရိုင်း လို ကွင်းလယ်ကစားသမားမျိုး ဒီပွဲ အတွက် အသင့် ဖြစ်နေတာကလည်း ယူနိုက်တက် ပရိသတ်တွေ ဖျားချင်စရာ ဖြစ်နေတော့မှာပါ။

ဒီဘရိုင်းဟာ ရာသီအစပိုင်းမှာ တောက်လျှောက် ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပြီး ဒဏ်ရာကနေ ပထမဆုံးပြန်လာခဲ့တဲ့ပွဲကနေစလို့ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တာပါ။