မန်စီးတီး ပြန်လာနေပြီ လို့ ပြိုင်ဘက်တွေအား တပ်လှန့်သတိပေးလိုက်တဲ့ တိုက်စစ်မှုး ဟာလန်း
လူတန်တောင်း ၂-၆ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ ဧည့်သည် စီးတီးအတွက် တဦးထဲ ၅ဂိုး အထိ သွင်းယူကာ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းက သူတို့အသင်းဟာ ဆုဖလားတွေ အတွက် ချီတက်လာပြီလို့ ကြုံးဝါးရင်း ပြိုင်ဘက်အသင်းတွေကို သတိပေးသွားခဲ့ပါတယ်။
ပွဲအပြီးမှာ စီးတီးရဲ့ သူရဲကောင်း ဖြစ်ခဲ့သူ အာလင်း ဟာလန်းက သူ့ရဲ့ ကြံ့ခိုင်မှု အနေအထားဟာ အကောင်းဆုံးပုံစံဆီ ပြန်ရောက်နေပြီ ဖြစ်ကြောင်းနဲ့ သူတို့အသင်းဟာ ဆုဖလားတွေကို သိမ်းပိုက်ဖို့ ချီတက်လာပြီလို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
အာလင်း ဟာလန်းက – “ကျွန်တော်တို့က ဒီပွဲမှာ စီစဉ်ထားတဲ့အတိုင်း အံဝင်ခွင်ကျ ကစားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကစားသမားတွေ အားလုံးက ပြီးပြည့်စုံတဲ့ ကစားပုံမျိုးကို ပြသနိုင်ခဲ့ပါတယ်။
ဒီဘရိုင်းကတော့ ကျွန်တော်တို့အတွက် အရမ်း အရေးပါခဲ့ပါတယ်။ သူက သူ ကျွမ်းကျင်တဲ့ ဂိုးဖန်တီးမှုအပိုင်းကို အကောင်းဆုံး လုပ်ဆောင်ပြခဲ့ပါတယ်။ သူနဲ့ တွဲကစားခွင့် ရလို့ ပျော်မိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်က တယောက်နဲ့ တယောက် နားလည်မှုလည်း အပြည့် ရှိပါတယ်။
ကျွန်တော်တို့ရဲ့ ကစားပုံတွေက အံဝင်ခွင်ကျ ဖြစ်နေတယ်လို့ ပြောရင်တောင် ရမယ် ထင်ပါတယ်။ သူက ဉာဏ်ကောင်းတဲ့ ကစားသမား ဖြစ်ပြီး သူနဲ့ တွဲကစားရတာကို သဘောကျပါတယ်။
ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုကတော့ အကောင်းဆုံး အနေအထားဆီ ပြန်ရောက်နေပါပြီ။ အခုတော့ ကျွန်တော်က ခံစားချက်တွေ ကောင်းနေပါတယ်။
ကျွန်တော်တို့တွေ ပြန်လာပါပြီ။ မန်ချက်စတာ စီးတီးက ပြန်လာပါပြီ။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အချိန်တွေက ကျွန်တော်တို့ကို စောင့်နေပါတယ်။ ကျွန်တော်တို့က ဆုဖလားတွေ အတွက် တိုက်ပွဲဝင်သွားမယ် ဆိုတာ ပြောနေစရာ လိုမယ် မထင်ပါဘူး။ ကျွန်တော်တို့က တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ပါပဲ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။