ကီဗင်ဒီဘရိုင်း နဲ့ အတူ တွဲကစားရတာ ပျော်လွန်းလို့ ဖြစ်နေတဲ့ တိုက်စစ်မှုး ဟာလန်း

ကွင်းလယ် ကစားသမား ဒီဘရိုင်းနဲ့အတူ တွဲဖက် ကစားရတာ ပျော်ရွှင်စရာကောင်းတယ်လို့ မန်စီးတီးတိုက်စစ်မှူးဟာလန်းက ပြောပါတယ်။ ဒီဘရိုင်းဟာ စီးတီးရဲ့ လူတန်တောင်းကို ၆-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်အတွင်း ဟာလန်း အတွက် ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်ပေးခဲ့တာပါ။

ထိုပွဲစဉ်အတွင်း မန်စီးတီးရဲ့အညှာအတာကင်းမဲ့တဲ့ တိုက်စစ်ကစားဟန်မှာ ဟာလန်းက ငါးဂိုးအထိ သွင်းယူခဲ့ပါတယ်။
ယမန်နှစ်ဘောလုံးရာသီ၊ လိုက်ပ်ဇစ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ် နောက်ပိုင်း အခုလို ပွဲစဉ်တစ်ခုအတွင်း ပက်ဂွါဒီယိုလာအသင်း အတွက် နော်ဝေသားကိုယ်တိုင် ငါးဂိုးအထိသွင်းယူပေးနိုင်မှုက ဒုတိယအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမယ့် အဝေးကွင်းမှာ မန်စီးတီးအတွက် သုံးဂိုးနဲ့အထက် သွင်းယူခဲ့နိုင်မှုကတော့ ဟာလန်းအတွက် ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။

ဟာလန်းက “ကီဗင်ဒီဘရိုင်းရဲ့ အကျိုးသက်ရောက်မှုက ကြီးမားပါတယ်။ သူ့ရဲ့အကောင်းဆုံးပုံစံတွေကိုပဲ လုပ်ဆောင်နေတာပါ။ သူနဲ့အတူ တွဲဖက်ကစားရတာ ပျော်ရွှင်စရာပါပဲ။ ကျွန်တော်တို့ အချင်းချင်းလည်း တစ်ဦးနဲ့တစ်ဦး ဘာတွေလိုချင်ကြသလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ညင်ညင်သာသာ ထိရောက်မှုရှိရှိကစားနိုင်ပါတယ်။ ဒီဘရိုင်းက ထက်မြက်တဲ့ကစားသမားကောင်းဖြစ်ပြီး သူနဲ့တွဲဖက်ကစားရတာကို ကျွန်တော်ကြိုက်ပါတယ်”လို့ ITV သတင်းဌာနနဲ့တွေ့ဆုံချိန် ပြောပါတယ်။

ဒီကစားသမားနှစ်ဦးလုံးက အခုရာသီအစောပိုင်းကာလတွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ မန်စီးတီးအတွက် ကာလအတော်ကြာ အတူတွဲဖက်ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

လတ်တလောမှာတော့ ဟာလန်းက သူ့ရဲ့ကြံ့ခိုင်မှုပြည့်ဝနေပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းရဲ့လက်ရှိချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်တွေကို ကာကွယ်နိုင်ဖို့အတွက် စီးတီး ပြန်လာနေပြီလို့လည်း ဟာလန်းက ပြိုင်ဘက်တွေကို သတိပေးစကားဆိုလိုက်ပါတယ်။

အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အရေးပါမယ့် လာမယ့်တနင်္ဂနွေနေ့၊ မန်ချက်စတာဒါဘီအိမ်ကွင်းပွဲစဉ် အတွက် အာရုံစိုက်ပြင်ဆင်ရပါတော့မယ်။