GOAT ကြီး နှစ်ယောက်ရဲ့ အသက် ၂၃ အရွယ်က ဟက်ထရစ်တွေထက် ပိုသာနေတဲ့ ဟာလန်းရဲ့ ဟက်ထရစ် မှတ်တမ်း

ပြီးခဲ့တဲ့ လူတန်တောင်းနဲ့ အက်ဖ်အေဖလားပွဲက ဟက်ထရစ်ဟာ ဟာလန်းရဲ့ကစားသမားဘဝမှာ အကြိမ် ၂၀ မြောက် ဟက်ထရစ်ဖြစ်လာပါတယ်။
မန်စီးတီးကစားသမားဘဝမှာဆို ၈ ကြိမ်မြောက်ဖြစ်ပြီး ၂၃ နှစ်အရွယ်လေးနဲ့ ဟက်ထရစ် အကြိမ် ၂၀ ဆိုတာကို အတော်ကို ကြမ်းလွန်းတာပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ မက်ဆီဆို ၂၃ နှစ်အရွယ်မှာ ဟက်ထရစ် ၈ ကြိမ်ပဲရှိသေးလို့ အဲဒီအသက်အရွယ်မှာ ဟာလန်းရဲ့တစ်ဝက်တောင် မရှိပါဘူး။
ပိုပြီးအံ့သြစရာကောင်းတာက သမိုင်းတစ်လျှောက် ဟက်ထရစ်အကြိမ်ရေ အများဆုံးစာရင်းမှာ ရပ်တည်နေတဲ့ စီရော်နယ်ဒိုပါ။ စီရော်နယ်ဒိုဟာ ၂၃ နှစ်အရွယ်မှာ ဟက်ထရစ် ၁ ကြိမ်ပဲ သွင်းနိုင်ပါသေးတယ်။
GOAT နှစ်ပါးရဲ့ ၂၃ နှစ်အရွယ်နဲ့ ချိန်ထိုးကြည့်လိုက်တဲ့အခါ ဟာလန်းရဲ့ဟက်ထရစ်အကြိမ်ရေက မယုံနိုင်စရာဖြစ်သွားတာပါ။ ဒါ့အပြင် ဟာလန်းဟာ လက်ရှိကစားနေဆဲ ဟက်ထရစ်အကြိမ်ရေအများဆုံးစာရင်းမှာလည်း ဘိုင်ယန်က ဟယ်ရီကိန်းကို ကျော်တက်သွားပါတယ်။
အဲဒီစာရင်းမှာ ဟာလန်းထက် အကြိမ်ရေပိုများတာဆိုလို့ နေမာ၊ လီဝန်ဒေါစကီး၊ ဆွာရက်ဇ်၊ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ၅ ယောက်သာ ရှိတာပါ။
နေမာဆို ဟာလန်းထက် ၁ ကြိမ်သာ ပိုများပြီး လီဝန်ဒေါစကီးက အကြိမ် ၃၀ နဲ့ ဆွာရက်ဇ်ကလည်း ၃၁ ကြိမ်သာ ရှိပါတယ်။ စီရော်နယ်ဒိုက ၆၃ ကြိမ်နဲ့ ကစားနေဆဲ ဟက်ထရစ် အကြိမ်ရေ အများဆုံးစာရင်းကို ဦးဆောင်နေပြီး မက်ဆီကတော့ ၅၇ ကြိမ်နဲ့ ဒုတိယ လိုက်နေပါတယ်။