အဲဗာတန် အမှတ်လျှော့ အယူခံ အောင်သွားလို့ ထိခိုက်နိုင်တဲ့ အသင်းတွေထဲ မန်စီးတီး ပါဝင်နေ

ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်တဲ့ အဲဗာတန်အသင်းကို မူလက ချမှတ်ထားတဲ့ ၁၀ မှတ်လျော့ ပြစ်ဒဏ်ကနေ ၆ မှတ်လျော့ ပြစ်ဒဏ်အဖြစ် ပြောင်းလဲပေးလိုက်ခြင်းဟာ အမှတ်ပေးဇယား ပြိုင်ဆိုင်မှုအပေါ် သက်ရောက်မှု ရှိလိမ့်မယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် လက်ကျန် ၁၂ ပွဲ ကျန်ရှိချိန်မှာ အဲဗာတန်အသင်းဟာ အဆင့် ၁၇ ကနေ အဆင့် ၁၅ ကို ရောက်သွားခဲ့ပါပြီ။ ဒါပေမယ့် အခြားသော ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်ကတော့ အဆင့် ၁၆ ကနေ ၁၇ ကို ရောက်ရှိသွားခဲ့တာပါ။

အခုဆိုရင် ဖောရက်စ်ဟာ တန်းဆင်းဇုန် အသင်းတွေနဲ့ ၄ မှတ်ပဲ ကွာဟတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်နိုင်ရေး ဒီရာသီ လက်ကျန်ပွဲတွေမှာ သူတို့ အားကုန်ထုတ်ရဖို့ ရှိနေပါတယ်။

ဖောရက်စ်ရဲ့ အိမ်ကွင်း လက်ကျန်ပွဲတွေမှာ လီဗာပူး၊ မန်စီးတီးတို့ကို ရင်ဆိုင်ရမယ့် ပွဲတွေ ရှိနေသေးပြီး အာဆင်နယ်ကတော့ ၂ ကျော့လုံး ကစားပြီးခဲ့ပြီ ဖြစ်ပါတယ်။

မနှစ်ကရာသီမှာ မန်စီးတီးဟာ ဖောရက်စ် အိမ်ကွင်းပွဲကို သရေပဲ ကစားနိုင်ခဲ့သလို လီဗာပူးကလည်း အဝေးကွင်းမှာ ဖောရက်စ်ကို ရှုံးထားခဲ့ပါတယ်။

အိမ်ကွင်းမှာတဲ့ ဖောရက်စ်ကွင်းမှာ ပြိုင်ဘက်တွေ ခက်ခဲနိုင်ပေမယ့် အာဆင်နယ်ကတော့ ရာသီသိမ်းပွဲအဖြစ် အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ မာဆေးဆိုဒ်ကလပ်ဟာ တန်းဆင်းဇုန် ဖိအားကနေ စတင် ကင်းဝေးနေပြီဖြစ်ပါတယ်။