စီးတီးမှာ လူတစ်ယောက် ရှိနေသရွေ့တော့ မန်ယူက ကျော်မတက်နိုင်ဘူး သေချာတယ် ဆိုတဲ့ ကာရေဂါရဲ့ သုံးသပ်မှု

လီဗာပူးလ် အသင်း နောက်ခံလူဟောင်း ကာရေဂါကတော့ မန်စီးတီးမှာ ဂွာဒီယိုလာ ရှိနေသရွေ့ မန်ယူအသင်း ကျော်တက်နိုင်ဖို့ မလွယ်ကူကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပိုင်ရှင်သစ် အပြောင်းအလဲပြီးနောက် ပိုမိုတိုးတက်လာမယ့် အရိပ်အယောင်တွေ မြင်တွေ့နေရပေမယ့် လက်ရှိ အချိန်အထိ မြို့ခံပြိုင်ဘက် မန်စီးတီးကို ကျော်တက်နိုင်မယ့် အရိပ်အယောင်တွေ မမြင်တွေ့ရသေးပါဘူး။

မန်ယူအသင်းဟာ လက်ရှိ မန်စီးတီးအသင်းထက် ရမှတ် ၁၅ မှတ်အထိ လျော့နည်းနေပြီး နည်းပြဟောင်း ဖာဂူဆန် လက်ထက်ပြီးနောက်ပိုင်းကတည်းက မန်စီးတီးအသင်းရဲ့ နောက်ကနေသာ ရပ်တည်နေရတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ကာရေဂါ က “ ဂွာဒီယိုလာရှိနေသရွေ့မန်ယူအသင်းက မန်စီးတီးကို ကျော်တက်ဖို့ မဖြစ်နိုင်သေးပါဘူး၊ ယူနိုက်တက်က အသင်းပိုင်ရှင် အပြောင်းအလဲတွေ စီအီးအို၊ အားကစားဒါရိုက်တာ ခန့်အပ်မှု အသစ်တွေ ပြုလုပ်နေသလို ဖာဂူဆန် လက်ထက်ပြီးနောက် အကောင်းဆုံး နည်းပြကို ခေါ်ယူခန့်အပ်ထားပေမယ့် မန်စီးတီးကို ကျော်တက်ဖို့ မဖြစ်နိုင်သေးပါဘူး။

စီးတီးက အိပ်ငိုက်နေမယ့် အသင်းမျိုး မဟုတ်ပါဘူး၊ ယူနိုက်တက်က မန်ချက်စတာကို လွှမ်းမိုးနိုင်ဖို့ဆိုတာက မဖြစ်နိုင်သေးပါဘူး၊ စီးတီးနည်းပြသစ် မခန့်အပ်သရွေ့ ဒီလို ကိစ္စတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာဟာ လာမယ့်နှစ်မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်သူတစ်ယောက်ဖြစ်ပြီး လက်ရှိ အချိန်အထိ အသင်းရဲ့ ကမ်းလှမ်းမှုကို အကြောင်းပြန်ခြင်း မရှိသေးသလို လက်ရွေးစင် အသင်းနည်းပြ ဘဝကို ကူးပြောင်းဖို့ စိတ်ဝင်စားနေကြောင်း ဖွင့်ဟပြောဆိုထားသူ တစ်ယောက် ဖြစ်ပါတယ်။