မန်ချက်စတာ ဒါဘီပွဲကျရင် မက်ဆီရဲ့ စံချိန်တစ်ခုကို ချိုးဖျက်နိုင်တော့မယ့် စီးတီးကွင်းလယ် ဒီဘရိုင်း

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားဟာ နာမည်ကျော် ကစားသမား မက်ဆီရဲ့ မှတ်တမ်းကောင်းတစ်ခုကို လာမဲ့ မန်ချက်စတာဒါဘီပွဲမှာ ချိုးဖျက်နိုင်ဖို့ရှိနေပါတယ်။

တနင်္ဂနွေကျရင် ကစားမဲ့ မန်ချက်စတာဒါဘီပွဲဟာ သမိုင်းတစ်လျှောက် ၁၉၂ ကြိမ်မြောက် ဆုံတွေ့တဲ့ပွဲဖြစ်ပြီး နှစ်သင်းစလုံးရဲ့ ရည်မှန်းချက်တွေအတွက် အရေးပါတဲ့ပွဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ စံချိန်တင်အဖြစ် ၄ နှစ်ဆက်တိုက် ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးအသင်းဟာ လီဗာပူးလ်၊ အာဆင်နယ်တို့ကို ကျော်ဖြတ်နိုင်ဖို့အတွက် နိုင်ပွဲရယူဖို့ လိုအပ်သလို

ယူနိုက်တက်အသင်းကလည်း လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အဆုံးမသတ်ရအောင် ကြိုးစားရမှာပါ။

ဒါ့အပြင် လာမဲ့ မန်ချက်စတာဒါဘီပွဲက ဒီဘရိုင်း အတွက်လည်း အရေးပါတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနာမည်ကျော်ကွင်းလယ်လူ ဒီဘရိုင်းနားဟာ ရာသီအစပိုင်းက တံကောက်ကြော ဒဏ်ရာကြောင့် ၅ လအထိ အနားယူခဲ့ရပြီး ဒဏ်ရာက ပြန်လာပြီးကတည်းက ၂၀၂၄ ခုနှစ်အတွင်း မယုံနိုင်အောင် ခြေစွမ်းပြနေပါတယ်။

ဒီရာသီ ပြိုင်ပွဲစုံမှာ ဒီဘရိုင်းနားက ၁၁ ပွဲသာကစားခဲ့ရပေမဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိပြုလုပ်ခဲ့ပြီး လူတန်နဲ့ FA ဖလားပွဲမှာ တစ်ပွဲတည်း ဂိုးဖန်တီးမှု ၄ ကြိမ်အထိပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း ဒီဘရိုင်းနားရဲ့ ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု အကြိမ်အရေအတွက်က ၂၀၂ ကြိမ်ရှိလာပါပြီ။

၁၀ နှစ်တာအတွင်း ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု အကြိမ်အများဆုံးပြုလုပ်ခဲ့တာက ထုံးစံအတိုင်း ဘာစီလိုနာဂန္ထဝင် မက်ဆီပါပဲ။

၂၀၁၃-၁၄ ရာသီကစလို့ မက်ဆီဟာ ဂိုးဖန်တီးမှုအကြိမ်ပေါင်း ၂၀၃ ကြိမ်ပြုလုပ်ခဲ့ပြီး အများစုက ဘာစီလိုနာကစားသမားဘဝမှာ ဖန်တီးပေးခဲ့တာပါ။

အခုအချိန်မှာတော့ မက်ဆီဟာ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ အသင်းနဲ့အတူ ကစားသမားဘ၀ ဖြတ်သန်းနေပြီဖြစ်တာကြောင့် ဒီဘရိုင်းနားဟာ ဆယ်စုနှစ်တစ်ခုအတွင်း ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပါပြီ။

လာမဲ့ မန်ချက်စတာဒါဘီပွဲမှာ ဒီဘရိုင်းနားသာ ဂိုးဖန်တီးမှု ၁ ကြိမ်လုပ်နိုင်ရင် မက်ဆီရဲ့မှတ်တမ်းနဲ့ တူညီသွားမှာဖြစ်သလို ၂ ကြိမ်ပြုလုပ်နိုင်ရင်တော့ မက်ဆီကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

ဒီဘရိုင်းနားအနေနဲ့ မက်ဆီရဲ့စံချိန်ကို အမီလိုက်နိုင်သည်ဖြစ်စေ၊ ကျော်ဖြတ်နိုင်သည်ဖြစ်စေ မက်ဆီထက် ပွဲ အရေ အတွက် ၁၆ ပွဲ ပိုနည်းပြီး မက်ဆီက ၄၅၈ ပွဲကစားအပြီးမှ ဂိုးဖန်တီးမှု ၂၀၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီဘရိုင်းနားဟာ ပရီးမီးယားလိဂ်မှာလည်း စုစုပေါင်း ဂိုးဖန်တီးမှု ၁၀၆ ကြိမ်ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြိမ်အများဆုံးစာရင်းမှာ ဖာဘရီဂတ်စ်(၁၁၁ကြိမ်)၊ ရိုင်ယန်ဂစ်(၁၆၂ကြိမ်)တို့ရဲ့နောက် တတိယမြောက်အများဆုံးအဖြစ် ရပ်တည်နေပါတယ်။