တန်ဟက်က စာရင်းထဲ မရှိဘူးလို့ ခပ်ပါးပါးလေး လှောင်သွားတဲ့ ဂွာဒီယိုလာ
ဒီအပတ် စူပါဆန်းဒေး မန်ချက်စတာ ဒါဘီပွဲမတိုင်ခင် ပွဲကြိုရှင်းလင်းပွဲတွေမှာ နှစ်သင်း နည်းပြတွေကတော့ လေတိုက်ကာ Mind game တွေ ထုတ်လာနေကြပါပြီ။
နည်းပြတန်ဟက်က သူတို့ကလည်း စီးတီးလို ပုံစံကောင်းတွေရနေတဲ့ အသင်းဖြစ်ကြောင်းနဲ့ မန်စီးတီးကို နိုင်လည်း နိုင်ဖူးပါတယ်လို့ ပွဲကြိုမှာ ပြောဆိုထားတာပါ။
မန်ချက်စတာ ဒါဘီပွဲ ကစားရမှာက သူ့ကို စိတ်လှုပ်ရှားစေသလား မေးခံရချိန်မှာ ဂွာဒီယိုလာကလည်း ခုလို တုန့်ပြန်ခဲ့ပါတယ်။
” မော်ရင်ညို၊ အိုလီတို့ ယူနိုက်တက်မှာ ရှိခဲ့တုန်းက တိုက်ခိုက်ရတာ ကောင်းပါတယ်။ ကျနော်ရဲ့ အတွေ့အကြုံအရ ဒါဘီပွဲကြိုမှာ တည်ငြိမ်ဖို့နဲ့ အေးဆေးရှိဖို့ လိုအပ်တယ်။ သိပ်ပြီး စကားများများ မပြောဘဲ နည်းစနစ်ကိုပဲ အာရုံစိုက်ဖို့ လိုပါတယ်။ ခံစားချက်တွေအကြောင်း သိပ် မပြောဖို့ လိုပါတယ် ” ဆိုပြီး ပြောဆိုသွားပါတယ်။
ယူနိုက်တက်မှာ ပြဿနာတွေ ရှိနေခြင်းနဲ့ ပတ်သက်လို့တော့ ဂွာဒီယိုလာက ကူပြီး စဉ်းစားပေးလိုခြင်း မရှိပါဘူး။ သူကတော့ ထိပ်တန်းအသင်းဆိုတာ ဆုဖလား အောင်မြင်နေဖို့ လိုအပ်တယ်လို့တော့ အသိပေးသွားခဲ့တယ်။
” ထိပ်တန်းအသင်းတွေဟာ နိုင်နေဖို့ လိုပါတယ်။ ယူနိုက်တက်အတွက်တော့ သိပ်မလွယ်ပါဘူး။ သူတို့က ဆာအဲလက်စ်ခေတ်မှာ မယုံနိုင်စရာတွေ လုပ်ပြခဲ့ပေမယ့် အခုကတော့ မလွယ်ပါဘူး။
ထိပ်တန်းအသင်းတွေဆိုတာ ပိုပြီး စိတ်ရှည်ရပါတယ်။ အခု ယူနိုက်တက်ကတော့ ဖိအားတွေ များလွန်းပါတယ်။ ဘာလို့လဲ တော့ ကျနော် မသိဘူး။ ကျနော်လည်း ယူနိုက်တက်က လူ မဟုတ်ဘူး ” လို့ ဂွာဒီယိုလာက ပြောသွားခဲ့တာ ဖြစ်ပါတယ်။