ဘာစီလိုနာအသင်း နည်းပြသစ်ဖြစ်လာသင့်သူကို ထောက်ခံချက် ပေးလိုက်တဲ့ နည်းပြဂွာဒီယိုလာ

ပက်ဂွါဒီယိုလာဟာ အသင်းဟောင်း ဘာစီလိုနာအား ရာသီအကုန်တွင် ရာထူးမှ ထွက်ခွာမဲ့ နည်းပြဇာဗီ နေရာမှာ ဘယ်သူနှင့် အစားထိုးသင့်တယ်ဆိုတာ အကြံပေးမှု ပြုလုပ်လာပါတယ်။
ဇာဗီဟာ အသင်းမှာ အပြောင်းအလဲလုပ်ရန် လိုအပ်နေတယ်ဆိုပြီး ရာသီအကုန်မှ ထွက်ခွာတော့မယ်လို့ ကြေညာထားပါတယ်။ မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ဇာဗီရဲ့ ဘာစီလိုနာနည်းပြရာထူးကို ဆက်ခံသင့်တယ်လို့လည်း သတင်းထွက်နေပါတယ်။
ဘာစီလိုနာဥက္ကဌဂျိုအန်လာပေါ်တာဟာ နည်းပြသစ် ခန့်အပ်ရေးအတွက် ကစားသမားဟောင်းများ၊ နည်းပြဟောင်းများထံမှ အကြံဉာဏ်များ ရယူနေပါတယ်။ ဂွါဒီယိုလာဟာလည်း ဘာစီလိုနာနည်းပြသစ် ခန့်အပ်ရေးအတွက် အကြံပေးမှု ပြုလုပ်ထားကြောင်း သိရပါတယ်။
ဂွါဒီယိုလာ ထောက်ခံပေးထားသူကတော့ ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီဖြစ်ပါတယ်။ အီတလီလူမျိုးနည်းပြဟာ ဘရိုက်တန်အသင်းကို ကလပ်သမိုင်းတွင် ပထမဆုံးဥရောပဝင်ခွင့်အဖြစ် ယူရိုပါလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးထားပါတယ်။
ဒီဇာဘီကိုင်တွယ်တဲ့ ဘရိုက်တန်အသင်းရဲ့ ဆွဲဆောင်မှု ရှိတဲ့ ကစားဟန်ဖြင့် ကစားမှုကြောင့် ဥရောပထိပ်သီးကလပ်များရဲ့ စောင့်ကြည့်ခြင်းခံနေရသူလည်း ဖြစ်ပါတယ်။
သူဟာ တချိန်တွင် ဂွါဒီယိုလာရဲ့ မန်စီးတီးနည်းပြနေရာကို ဆက်ခံမဲ့သူအဖြစ်လည်း တစ်ပေးခံထားရသူ ဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြရာထူးအတွက် အခြားရေပန်းစားနေတဲ့ နည်းပြတွေကတော့ ဟန်စီဖလစ်နှင့် သောမတ်စ်တူချယ်တို့ ဖြစ်ပါတယ်။