မန်ယူကို အထင်သေးနေသူတွေအား ၇-၀ ဥပမာ ပေးလာတဲ့ နည်းပြ ဂွာဒီယိုလာ

ဒီကနေ့ည ယှဉ်ပြိုင်ကစားကြမယ့် မန်ချက်စတာ ဒါဘီပွဲကြိုမှာ ပြိုင်ဘက်အသင်းကို သိပ်ပြီး အထင်သေးမနေကြဖို့ ဂွာဒီယိုလာက သတိပေးလာခဲ့ပါတယ်။

မန်ချက်စတာ ကလပ်နှစ်သင်းဟာ ဒီနှစ်တွေမှာ အဆင့်အတန်းချင်း အတော်လေး ကွာခြားသွားခဲ့တာပါ။ ညပွဲအကြိုမှာလည်း လူတွေက စီးတီးတော့ ဂိုးတွေ ဇွတ်သွင်းတော့မှာပဲလို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

ဂွာဒီယိုလာကတော့ ဒီရာသီ အန်ဖီးကွင်းမှာ ၀-၀ ရလဒ် ထွက်ပေါ်ခဲ့တဲ့ လီဗာပူး၊ ယူနိုက်တက်ပွဲကို ဥပမာပေးကာ တန်ဟက်ရဲ့ အသင်းကို ခပ်ပေါ့ပေါ့ မတွေးဖို့ တိုက်တွန်းလာပါတယ်။

ဂွာဒီယိုလာက “ အန်ဖီးမှာ ယူနိုက်တက်တို့ ဘာဖြစ်ခဲ့ကြလဲ မင်းတို့ မှတ်မိကြလား? မနှစ်ကရာသီ ၇-၀ နဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒီရာသီပွဲကြိုမှာ လူတွေ ဘာတွေမှတ်ချက်ပေးကြလဲကော မှတ်မိကြလား? ဒီတစ်ကြိမ် လီဗာပူးက ဂိုးတွေ ဘယ်လောက်သွင်းမလဲ မသိဘူး။ လီဗာပူးအတွက်တော့ လွယ်ကူတဲ့ပွဲ ဖြစ်လာတော့မှာပဲတဲ့။

ရလဒ်ကတော့ လီဗာပူးတို့ မနိုင်တော့ဘူး။ ယူနိုက်တက်က ယူနိုက်တက်ပါပဲ။ သူတို့ဟာ မန်ချက်စတာ ယူနိုက်တက်ပါ ” လို့ တုန့်ပြန်သွားခဲ့ပါတယ်။

စီးတီးဟာ ဒီညပွဲ အနိုင်ရမှ ဇယားထိပ်က လီဗာပူးကို ဆက်လက် အနီးကပ် ဖိအားပေးနိုင်မှာပါ။ ယူနိုက်တက်အတွက်ကလည်း Top 4 ဝင်ခွင့်အတွက် နိုင်ပွဲ လိုအပ်နေတာ ဖြစ်ပါတယ်။