ပထမပိုင်း ပေးပျော်ပြီးမှ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အတူ မန်ယူကို အနိုင်ယူကာ ရပ်တန့် မရတဲ့ မန်စီးတီးရဲ့ မန်ချက်စတာ ဒါဘီ နိုင်ပွဲ

တနင်္ဂနွေနေ့ည အီတီဟက်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ မန်ချက်စတာဒါဘီ မှာ အိမ်ရှင် စီးတီးက ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။
ပထမပိုင်းစစချင်း ၄ မိနစ်မှာပဲ ဂျွန် စတုန်းစ်ကို ကက်စမီရို နောက်ကနေ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် မန်ချက်စတာစီးတီးတို့ ပင်နယ်တီတောင်းခဲ့ပေမယ့် ဒိုင်ကလည်း မပေးသလို VAR ကလည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်ခဲ့ပါတယ်။
၈ မိနစ်မှာ ဧည့်သည် မန်ချက်စတာယူနိုက်တက်က ဘယ်သူမှ မထင်မှတ်ထားတာကို လုပ်ပြခဲ့ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်က ဖာနန်ဒက်စ် ပေးပို့ခဲ့တဲ့ ဘောလုံးကို ၂၅ ကိုက်အကွာကနေ ညာခြေနဲ့ ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းသွားခဲ့ပြီး ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်က မထင်မှတ်ဘဲ ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပြီးနောက် မန်ချက်စတာစီးတီးတို့ ပျာသွားခဲ့ပြီး ၁၇ မိနစ်မှာ ရက်ရှ်ဖို့ဒ် ဂိုးရှေ့ကို လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးခွင့်ရခဲ့ပေမယ့်လည်း ပြေးလမ်းကြောင်းထဲ ခေါင်းတိုက်ချခဲ့မှုက လွဲချော်ခဲ့တာကြောင့် ဘောလုံးတခြား လူတခြားဖြစ်ပြီး ဝေါ်ကာက ကြားဖြတ်လုယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
နောက်ထပ် ၂ မိနစ်အကြာမှာ ဖီးလ် ဖိုဒန် တန်ပြန်တိုက်စစ်ကနေတဆင့် လင်ဒီလော့ဖ် ဗာရွမ်းကို မကြည့်ဘဲ လူကျွံဘောဖမ်းခဲ့ရာကနေ လွတ်လွတ်ကျွတ်ကျွတ် ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းခွင့်ရခဲ့ပေမယ့် အိုနာနာက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးက ပထမပိုင်း ပွဲကစားချိန်အလယ်ကနေ ပွဲကစားချိန်ကုန်ဆုံးတဲ့အထိ တစ်ဖက်သတ် ဖိအားပေးတိုက်စစ်ဆင်ခဲ့ပေမယ့်လည်း ရိုဒရီရဲ့ အပိုင်ကန်ချက်ကို အိုနာနာ ကာကွယ်နိုင်ခဲ့သလို ဟာလန်းရဲ့ အပိုင်ကန်သွင်းမှု အံ့အားသင့်ဖွယ် လွဲချော်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ မန်ချက်စတာယူနိုက်တက်က ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း အိမ်ရှင်တွေကပဲ ဆက်လက် အသာစီးရယူကစားနိုင်ခဲ့ပြီး ချေပဂိုး ပြန်ရဖို့ တရစပ်ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ၅၆ မိနစ်မှာတော့ ဖိုဒန်က ညာတောင်ပံကနေ အတွင်းကို ချိုးဝင်ပြီး ဘယ်ခြေနဲ့ ဂိုးဘယ်ဖက်အပေါ်ထောင့်ထဲကို အပြင်းကန်သွင်းတာကြောင့် အိုနာနာလည်း ဘယ်လိုမှ မတတ်နိုင်ဘဲ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ပွဲကစားချိန် ၆၉ မိနစ်မှာ ကစားအားကျလာတဲ့ အီဗန်အစား လူငယ်ကစားသမား ကမ်ဘဝါလာကို ထည့်သွင်းကစားစေခဲ့ပြီး ၇၅ မိနစ်မှာ ပထမပိုင်း ဦးဆောင်ဂိုးရှင် ရက်ရှ်ဖို့ဒ်အစား အန်တိုနီကို လူစားဝင်ကစားစေခဲ့ပါတယ်။
တန်ဟက်ရဲ့ လူစားလဲလှယ်မှုက မှားယွင်းသွားခဲ့တယ်ဆိုတာ သိလိုက်ရဖို့ သိပ်မစောင့်လိုက်ရဘဲ နောက်ထပ် ၅ မိနစ်အကြာမှာပဲ ဖိုဒန်က ပင်နယ်တီဧရိယာဘယ်အစွန်က ယူလီယန် အယ်လ်ဗာရက်ဇ်နဲ့ ဝမ်းတူးရိုက်ပြီး ပင်နယ်တီဧရိယာထဲပြေးဝင်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
ဖိုဒန်ရဲ့ သွင်းဂိုးမှာ အသစ်ဝင်လာတဲ့ လူငယ်ကစားသမား ရှေ့တက်နေမှုကြောင့် ဗာရွမ်း နေရာကနေ အပြင်ထွက်နေလို့ နေရာလွတ်ဖြစ်နေတာကို မန်စီးတီးက ကောင်းကောင်း အသုံးချသွားနိုင်ခဲ့တာဖြစ်ပြီး တန်ဟက်က ဦးဆောင်ဂိုး ပေးခဲ့ရပြီးနောက် မိန်းနိုးနဲ့ ဂါနာချိုတို့နေရာမှာ အမ်မရာဘတ်နဲ့ ဖော်ဆင်တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ်။
ဦးဆောင်ဂိုးရရှိသွားခဲ့ပြီးတဲ့နောက် အိမ်ရှင် မန်စီးတီးက နောက်ထပ် ဦးဆောင်ဂိုးတွေအတွက် တရစပ် ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး မန်ယူနိုက်တက် နောက်ခံလူတွေ အလူးအလဲ ကာကွယ်ခဲ့ရပါတယ်။
ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၂ မိနစ်မှာ တန်ဟက်ရဲ့ နောက်ထပ် လူစားလဲလှယ်မှု မှားယွင်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး ခံစစ်ကနေ တိုက်စစ်ဆင်ဖို့ ကြိုးပမ်းရင်း အမ်မရာဘတ်ခြေထောက်ထဲက ဘောလုံးကို ရိုဒရီက လုယူပြီး ခင်းပေးလိုက်တဲ့ ဘောလုံးကို ဟာလန်းက အိုနာနာနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
စီးတီးဟာ မန်ချက်စတာဒါဘီမှာ အရေးကြီးတဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၁ မှတ်အကွာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။