အပိုင်ဘော လွဲလို့ဆိုပြီး ဟာလန်းကို မန်ယူ ကစားသမားဟောင်းတွေ ဝေဖန်

မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးနာမည်ကျော်တိုက်စစ်မှူး ဟာလန်းရဲ့ အပိုင်ဂိုးသွင်းခွင့် လွဲချော်ခဲ့တဲ့အပေါ် နာမည်ကျော်ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ လိုင်နီကာ၊ ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကိန်းတို့က ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

မန်စီးတီးအသင်းဟာ ပွဲအစ ၈ မိနစ်မှာ ရပ်ရှ်ဖို့ဒ် သွင်းယူတဲ့ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပြီး ၄၄ မိနစ်မှာ ဖိုဒန် ခေါင်းတိုက်ချပေးလိုက်တာကို ဟာလန်းက ဂိုးပေါက် အနီးကပ်ကနေ အပိုင်ပိတ်သွင်းခဲ့ပေမဲ့ ဂိုးပေါ်ထောင်တက်ခဲ့ပါတယ်။

ဟာလန်းဟာ တောင်ပံကလာတဲ့ ဖြတ်တင်ဘောကို ဘယ်ခြေနဲ့ပိတ်ခဲ့ရာမှာ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။

ဟာလန်းရဲ့ လွဲချော်မှုအပေါ် အင်္ဂလန်နာမည်ကျော်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာက

‘ဒီလိုအဆင့်အတန်းမျိုးမှာ ဒီလောက်အထိ လွဲချော်တာမျိုး ကျွန်တော် အခုမှ မြင်ဖူးတာပါပဲ။ ဟာလန်းဟာ ဘောလုံးကို ခေါင်းတိုက်သွင်းခဲ့သင့်ပါတယ်။ မယုံနိုင်စရာပါ’လို့ သူ့ရဲ့ X(Twitter)မှာ ရေးသားခဲ့ပါတယ်။

မန်ချက်စတာဒါဘီပွဲကို Sky Sports မှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ယူနိုက်တက်ဂန္ထဝင် ဂယ်ရီနဗီးလ်က

“ ဘုရားရေ . .ဟာလန်း ဘယ်လိုလုပ်ချလိုက်တာလဲ . .ဂိုးရဖို့ ဒီလောက်အထိ ဖန်တီးခဲ့ပြီးမှ ဟာလန်းက တလွဲကြီးလုပ်ခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲတုန်းကလည်း ဟာလန်းက အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့ပါသေးတယ်”လို့ ဝေဖန်ခဲ့သလို

ရွိုင်ကိန်းကလည်း “ဒီလွဲချော်မှုက မယုံနိုင်လောက်အောင်ပါပဲ။ ဘယ်လိုရှင်းပြရမလဲတောင် မသိတော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ပထမပိုင်းမှာ ဂိုးသွင်းခွင့်လွဲချော်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာတော့ မန်စီးတီးရဲ့တတိယဂိုးကို သွင်းယူခဲ့ပြီး အခုဆိုရင် ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ဘက်ကို ၆ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။