ကမ္ဘာပျက်ရင်တောင် ကျရစ်မယ့် ထူးဆန်းသတ္တဝါ တစ်မျိုး၊ နှစ် ၃ဝ လောက် မစားမသောက် နေနိုင်တဲ့ ရေဝက်ဝံ

ရေဝက်ဝံ (သို့မဟုတ်) Tardigrade လို့ခေါ်တဲ့ ခြေထောက် ၈ ချောင်းပါတဲ့ ရေဝက်ဝံငယ်လေးတွေက ရှာဖွေတွေ့ရှိသမျှသက်ရှိတွေထဲမှာ ခံနိုင်ရှည်အရှိဆုံး သတ္တဝါလို့ ဆိုနိုင်ပါတယ်။ သူတို့ကဘယ်လိုပတ်ဝန်းကျင်မျိုးမဆို ဘယ်လိုအခြေအနေမျိုးမှာ မဆို အသက်ရှင်သန်နိုင်စွမ်းရှိပါတယ်။
အလွန်မြင့်မားတဲ့တောင်ပေါ်၊ သမုဒ္ဒရာကြမ်းပြင်၊ ရေညှိပင်တွေကြား၊ သဲတောင်တန်းများအပြင် အာကာသထဲက လေဟာနယ်မှာပါ ရှင်သန်နိုင်စွမ်းရှိပါတယ်။ ဓာတ်ရောင်ခြည် (radiation) တွေကိုလည်းအခြားသက်ရှိများထက် အဆပေါင်းများစွာ ခံနိုင်ရည်ရှိပါတယ်။
ကမ္ဘာပျက်ရင်တောင် အသက်ရှင်လွတ်မြောက်နိုင်တဲ့ သက်ရှိတွေထဲပါပါတယ်။ ဒိုင်နိုဆောတွေမျိုးသုဉ်းတဲ့ ဖြစ်စဉ်မှာလည်း အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။
Tardigrade လေးတွေကကမ္ဘာပေါ်မှာကျင်လည်နေတာ နှစ်သန်း ၆၀၀ ခန့်ရှိပြီဖြစ်တာကြောင့် ဒိုင်ဒိုစောတွေမတိုင်ခင် နှစ်သန်း ၄၀၀ လောက်တည်းက တည်ရှိတဲ့ သက်ရှိတွေဖြစ်ပါတယ်။ Water bear (ရေဝက်ဝံ)၊ Moss piglet (ရေညှိဝက်ကလေး) လို့လည်းခေါ်ကြပါတယ်။
မျိုးစိတ်ပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။ အရွယ်အစားကတော့ 0.5 mm လောက်သာရှိပါတယ်။ သူတို့ကနေရာပေါင်းစုံမှာ ကျင်လည်ကျက်စားကြပါတယ်။ အလွန်မြင့်မားသောဟိမဝန္ဒာတောင်ထိပ်၊ နက်ရှိုင်းသော သမုဒ္ဒရာချောက်၊ အေးခဲနေသော အန္တာတိကရေခဲပြင်၊ မိုးသစ်တောများ၊ မြေဆီလွှာများထဲနှင့် ရေချိုကန်များအတွင်းမှာပါ နေထိုင်ကြပါတယ်။
အပူချိန် -၂၇၂ ကနေ ၁၅၀ ဒီဂရီဆဲဆီးရပ် ကြားမှာရှင်သန်နေထိုင်နိုင်ပါတယ်။ ဖိအားဒဏ်ကိုလည်း အလွန်ခံနိုင်ရည်ရှိပါတယ်။ သမုဒ္ဒရာရဲ့အနက်ဆုံးအပိုင်းထက် ၆ ဆလောက်များတဲ့ ဖိအားကိုပါ ခံနိုင်ရည်ရှိပါတယ်။
ထူးခြားချက်က Cryptobiosis လို့ခေါ်တဲ့အခြေအနေကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ သက်ရှိအနည်းငယ်ထဲမှာ ပါဝင်ပါတယ်။ ဒီအခြေအနေရောက်ရင် ဇီဝဖြစ်ပျက်မှု (metabolism) ကို 99.99% အထိနှေးကွေးသွားစေပါတယ်။
သူတို့ရဲ့သက်တမ်းကပုံမှန်အခြေအနေမှာတော့ မျိုးစိတ်ပေါ်မူတည်ပြီး ၃ လကနေ ၂ နှစ်လောက်သာရှိပါတယ်။ ဒါပေမဲ့ Cryptobiosis အခြေအနေမှာဆိုရင် အစာမစား၊ ရေမသောက်၊ အသက်မရှူပဲ နှစ်ပေါင်းများစွာအသက်ရှင်နိုင်ပါတယ်။ ခြောက်သွေ့တဲ့အခြေအနေမှာ ၁၀ နှစ်၊ အေးခဲတဲ့အခြေအနေမှာဆို နှစ် ၃၀ လောက်အထိ နေထိုင်နိုင်ကြပါတယ်။