မန်ယူ ကစားသမားတစ်ဦးကို သူ့အသင်းအတွက် ခေါ်ယူလိုစိတ်ရှိကြောင်း ဂွာဒီယိုလာ ဝန်ခံ

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ သူ့ရဲ့ အသင်းအတွက် ယူနိုက်တက် ကစားသမား တစ်ဦးကို ခေါ်ယူလိုကြောင်းနဲ့ သူ့အသင်းမှာ ဘရူနို ဖာနန်ဒက်စ် ရှိနေမယ်ဆိုရင် သဘောကျမိမှာပါပဲလို့ ထုတ်ပြောလာခဲ့ပါတယ်။

“ ဖာနန်ဒက်စ်က အံ့မခန်းကစားသမားပါ။ အထူးသဖြင့် ပြိုင်ပွဲတိုင်းမှာ ပွဲတိုင်းကို သူ အမြဲတမ်း ပါဝင်ကစားနိုင်တာကို ကျနော် အတော်လေး အထင်ကြီးမိပါတယ်။

သူ့ခြေထောက်ထဲ ဘောလုံးရှိချိန်မှာဆိုရင် တစ်ခုခုဖြစ်လာအောင် လုပ်ပြနိုင်တဲ့ ကစားသမားပါ။ တည်ကန်ဘော၊ ဖရီးကစ်တွေအပြင် တိုက်စစ်က ကစားသမားတွေ အားလုံးနဲ့ ချိတ်ဆက်နိုင်စွမ်းလည်း ရှိပါတယ်။

ဒီတော့ သူက သိပ်ကို အရေးကြီးတဲ့ ကစားသမားလို့ပဲ ကျနော် ပြောချင်ပါတယ် ” လို့ ဂွာဒီယိုလာက ပြောဆိုသွားတာ ဖြစ်ပါတယ်။

မန်ချက်စတာ ဒါဘီအတွင်း ရက်ဖိုဒ့်ရဲ့ အဖွင့်ဂိုးမှာ တိုက်စစ်မြှားဦးကနေ ဖာနန်ဒက်စ်က အခွင့်အရေး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။