စီးတီးကို ဖင်ပိတ်ကန်နေတာတောင် ကောင်းတယ်လို့ ချီးကျူးခံရတာ ဖြစ်သင့်လားလို့ မန်ယူအသင်းကို ဝေဖန်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက စီးတီးနဲ့ ဒါဘီပွဲမှာ ပထမပိုင်း ရက်ဖို့ဒ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားခဲ့ပေမယ့် စီးတီးကပဲ ဒုတိယပိုင်းမှာ ဂိုးတွေ သွင်းခဲ့ကာ အဆုံးမှာ ၃-၁ နဲ့ အနိုင်ယူသွားခဲ့တာပါ။

သရဲနီဟောင်းကြီး ရွိုင်ကိန်းကတော့ စီးတီးကို နည်းနည်းလေး ယှဉ်နိုင်ခဲ့ရင်တောင် ချီးကျူးရလောက်တဲ့ထိ ယူနိုက်တက်ရဲ့ စံနှုန်းတွေ ကျကုန်ပြီလို့ ညည်းတွားဝန်ခံခဲ့ပါတယ်။

” ယူနိုက်တက်ရဲ့ အဆင့်အတန်းက ကျဆင်းနေပြီ။ ကျွန်တော်တို့ ယူနိုက်တက်ကို ချီးကျူးလုနီးပါး ရှိခဲ့သေးတယ်။ ဒါပေမယ့် သူတို့ ရှုံးသွားခဲ့တယ်။ ခါတိုင်းဆို ဒီလိုပွဲကြီးတွေမှာ ယူနိုက်တက်က အကြိတ်အနယ် ယှဉ်ပြိုင်တဲ့ အသင်းပါ။

သူတို့ ၃-၁ နဲ့ ရှုံးသွားတာနော်။ အခုတော့ ကျွန်တော်တို့ ဒီမှာ ထိုင်ပြီး သူတို့တွေ ကောင်းကောင်း လုပ်နိုင်သားပဲ၊ ပုံစံတွေ ပိုကောင်းလာတယ်ဗျာ ဆိုပြီး ဖာထေး ပြောနေရတယ်။

တစ်နာရီခွဲလောက်လုံးလုံး ယူနိုက်တက်က ဒီတိုင်း ခံစစ်ပဲ ပိတ်ဆို့တောင့်ခံ ကစားနေခဲ့တာ။ ဘောလုံးတောင် ကန်ခွင့် တစ်ချက် မရဘူး။ ” လို့ ရွိုင်ကိန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ မန်ချက်စတာ နှစ်သင်းကြားမှာ ကွာဟချက်က သေးသေးလေးသာ ရှိပြီး စီးတီးက ကပ်နိုင်သွားတာပါ လို့ ပွဲအပြီးမှာ မလျှော့တမ်း ဆိုခဲ့ပါသေးတယ်။

ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ အဆင့် ၄ နေရာက ဗီလာနဲ့ ၁၁ မှတ်ထိ ပြတ်သွားပြီ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်က အတော် မှေးမှိန်လာပြီ ဖြစ်ပါတယ်။