ဂယ်ရီနဗီး ဖော်ထုတ်လိုက်တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့က မန်စီးတီးကို အနိုင်ရမယ့် အကြာင်းရင်း

မန်ချက်စတာ ဒါဘီပွဲအပြီးမှာ စကိုင်းစပေါ့ သုံးသပ်သူ ဂယ်ရီနဗီးကပဲ စီးတီးကို အဓိက ပြိုင်ဘက် ၂ သင်းက အနိုင်ယူဖို့ အားထုတ်လာလိမ့်မယ်လို့ သုံးသပ်လာပါတယ်။

၂၀၂၄ မှာ အာဆင်နယ်ဟာ နိုင်ပွဲတွေ ဆက်နေပြီး ပရီးမီးယားလိဂ် ခြေအစွာဆုံး ကလပ်ဖြစ်နေတာပါ။ ဒါပေမယ့်လို့ လီဗာပူးကလည်း ယူရမယ့် နိုင်ပွဲတွေကို ယူနိုင်နေပြီး စီးတီးကလည်း ဘယ်လို ပြိုင်ဘက်ဖြစ်ဖြစ် အချိန်တန်ရင် နိုင်ပွဲရနေတာ ဖြစ်ပါတယ်။

စီးတီးဟာ အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်သလို အီသီဟတ်မှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရဖို့လည်း ရှိနေပါတယ်။ နဗီးကတော့ ဒီအချိန်ဟာ စီးတီးကို အနိုင်ယူရမယ့် အချိန်လို သတိပေးလာပါတယ်။

ဂယ်ရီနဗီးကပဲ ” လီဗာပူးနဲ့ အာဆင်နယ်တို့က မန်စီးတီးကို အနိုင်ယူသွားနိုင်တယ်လို့ ကျနော် တကယ်ပဲ ထင်မိပါတယ်။ ဒါမှပဲ သူတို့ နှစ်သင်းက ဂွာဒီယိုလာရဲ့ အသင်းဆီက ယုံကြည်မှုတွေကို ဖယ်ထုတ်ပစ်နိုင်မှာပါ။

ဘာလို့လဲဆိုတော့ လက်ရှိ အချိန်မှာ စီးတီးက အားသိပ်ကောင်းနေတဲ့ အခြေအနေလို့ လီဗာပူး၊ အာဆင်နယ်တို့တွေ တွေးထားကြမှာဖြစ်တာကြောင့်ပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲဟာ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ကို လမ်းဖွင့်ပေးမယ့် ကာလ ဖြစ်ပါတယ်။ ဒီအတွင်း စီးတီးက ပြိုင်ဘက် နှစ်သင်းနဲ့ အခုလောက်ပဲ ရမှတ်ကွာမယ်ဆိုရင် ရာသီသိမ်းကာလ ပွဲစဉ်တွေမှာ အများကြီး ချောင်လည်သွားမှာပဲ ဖြစ်ပါတယ်။