၃၇ မင်း နတ်စာရင်းတွင် ပါဝင်ခြင်း မရှိပေမယ့် ကျော်ကြားလှတဲ့ အမေဂျမ်း နတ်အကြောင်း

အမေဂျမ်း နတ်သည် ထင်ရှားကျော်ကြားလှ၏။ အနယ်နယ်အရပ်ရပ်၌ နတ်ကန္နားပွဲ ပေးလျှင် အမေဂျမ်းနတ်ကို မဖြစ်မနေ ထည့်သွင်းကြလေ့ရှိ၏။

စင်စစ် အမေဂျမ်း နတ်သည် (၃၇) မင်း နတ်စာရင်းတွင် ပါဝင်ခြင်း မရှိ။ သို့သော်လည်း တံတားဦးနယ် ၊ ကျောက်ဆည်နယ်။ အမရပူရနယ်တို့တွင် အမေဂျမ်းနတ်သည် ရေပန်းစားလှ၏။ ယုံကြည်စွာ ကိုးကွယ်ပူဇော်ပူသကြ၏။

တံတားဦးနယ်၊ ကန်ချောအုပ်စု၊ အေးကြည်ကုန်း ရွာတွင် အမေဂျမ်းနတ်နန်းရှိ၏။ နှစ်စဉ် အဆိုပါ နတ်နန်း၌ နယုန်လပြည့်ကျော် (၁၃) ရက်၊ (၁၄) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ နတ်ကန္နားပွဲ ပေး ပြီး အမေဂျမ်းတောင်တက်ပွဲ ကိုပါ ကျင်းပလေ့ ရှိကြ၏။

အမေဂျမ် နတ်နန်း တည်ရှိသော အေးကြည်ကုန်းရွာသည် တံတားဦးနှင့် ကျောက်ဆည်သွား မော်တော် ကားလမ်းဘေးတွင် ရှိပြီး တံတားဦးနှင့်ဆိုလျှင် (၈)မိုင်ခန့် အကွာတွင် တည်ရှိသည်။

အမေဂျမ်း၏ နောက်ကြောင်း

အမေဂျမ်း၏ ဇာတိမှာ ရွှေတောင်ရွာဖြစ်၏။ ဖခင်မှာ ရွှေတောင်ရွာသူကြီး ဖြစ်ပြီး သမီးသုံးဦး ထွန်းကား၏။ အမေဂျမ်းဖြစ်လာမည့် မချမ်းသာမှာ သမီးလတ်ဖြစ်ပြီး အစ်မမှာ မလုံးပြည့်၊ ညီမမှာ မပြည့်သာ တို့ ဖြစ်ကြသည်။

မချမ်းသာ အရွယ်ရောက်လာသော အခါ အင်းဝမှ သူခိုးကြီး ငတက်ပြားခေါ် ကိုတက်ခါးနှင့် စုံမက်မိကြ၏။ ဖခင်က သူခိုးနှင့် စုံမက်ရပါ့မလား ဟု သဘောမတူ သဖြင့် စွန့် ပစ်ခြင်းခံရလေ၏။ လင်တော်မောင် ကိုတက်ခါးမှာ ထန်းရည်ကို ခုံမင်သူ ဖြစ်၏။ လင်တော်မောင် အကြိုက် မချမ်းသာလည်း ထန်းရည်ကို ရှာ၍ ပါရမီ ဖြည့်ရ၏။ အနီးအနားမှ မရလျှင် စမုံမြစ်ရိုးအထိ သွားရောက်ရှာဖွေပေးရ၏။ ထိုသို့ ထန်းရည်ရှာရင်း သူမပါ ထန်းရည်ကို မြည်းစမ်းကြည့်ရာမှ ထန်းရည်၏ အရသာကို နှစ်သက်စွဲလမ်းလာတော့၏။

ထန်းရည်မူးလာလျှင် မချမ်းသာသည် ညင်ညင်သာသာ မရှိတော့ဘဲ သွေူးဆိုးလာ၏။ စကားကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတတ်လာ၏။ ညစ်ညမ်းစွာ ဆဲရေးတတ်လာ၏။ အာကြမ်း၊ လျှာကြမ်း၊ စိတ်ကြမ်း ဖြစ်လာသည့်အတွက် မူလ အမည်နာမဖြစ်သော မချမ်းသာ အမည်ပျောက်လျက် မကြမ်းသာ၊ မဂျမ်း၊ အမေဂျမ်း ဖြစ်လာခဲ့တော့၏။

တစ်နေ့ လင်တော်မောင် အတွက် စမုံဖြစ်ရိုးမှ ထန်းရည်အိုးရွက်လာစဉ် လမ်းခရီး၌ အင်းဝဘုရင် တပ်များနှင့် ဆုံသည်။ ထန်းရည်ကလေး ခပ်ထွေထွေနှင့်ဆိုတော့ အမေဂျမ်းလည်း သူမ၏ ဝသီအတိုင်း ပြေပြေပြစ်ပြစ် စကားမဆိုဘဲ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုသဖြင့် ဓားထက်သော ဘုရင့် တပ်များက ကွပ်မျက်လိုက်ကြရာ နတ်ဖြစ်သွားသည်ဟု ဆို၏။

အခြား အကြောင်း အရာတစ်ခုကလည်း အမေဂျမ်းသည် အင်းဝရှိ လင်တော်မောင်ကိုတက်ခါးထံလိုက်သွားသည် ဆို၏။ လိုက်သွားရခြင်း အကြောင်းမှာ လင်တော်မောင်ကိုတက်ခါးသည် အင်းဝဘုရင်၏ သူကောင်းပြုမှု ကြောင့် အင်းဝ၌ နောက်အိမ်ထောင်နှင့် ဖြစ်နေပြီး ရွာရှိ မယားဟောင်းထံ ရောက်မလာသည့်အတွက် အမေဂျမ်းမှ အင်း၀ သို့ လိုက်အသွား အင်း၀ မြို့ တံခါး အဝင်တွင် တံခါးမှူးများနှင့် ဆုံလေ၏။

ဤတွင် ထန်းရည်အိုးရွက်လာသော အမေဂျမ်းအား တာဝန်အရ စစ်ဆေးမေးမြန်းကြ၏။ ထုံးစံ အတိုင်းပင် ဝသီလိုဖြစ်နေသော အမေဂျမ်းသည် ချေငံစွာ မပြောဘဲ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲရေး တိုင်းထွာ သဖြင့် ဖမ်းဆီး ချုပ်နှောင်လိုက်ကြ၏။ ဘုရင့် ရှေ့တော်မှောက်ခေါ်ငင်ရာ လမ်းခရီး၌ ဆဲရေး တိုင်းထွာပြန်သဖြင့် ဒေါသအလျောက် ထန်းပလပ်ဖြင့် ရိုက်မိရာမှ လက်လွန်သွားပြီး ခန္ဓာစဲလျက် နတ်ဖြစ်သွားသည်ဟု မှတ်သားရပါ၏။