အဲဗာတန်ကို ကြည့်ပြီး မန်စီးတီးဘက်က အရမ်း ပျော်နေမှာပါလို့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ထောက်ပြ

အာဆင်နယ် တိုက်စစ်မှူးဟောင်း အီရန်ရိုက်ကတော့ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ကို ၁၀ မှတ်လျော့ထားရာကနေ လိဂ်ဘက်က အယူခံကို အနိုင်ပေးပြီး ၆ မှတ်လျော့အဖြစ် ပြောင်းလဲလိုက်ခြင်းကို ဝေဖန်သွားခဲ့ပါတယ်။

နိုဝင်ဘာလတုန်းက အဲဗာတန်အသင်းကို ၁၀ မှတ်လျော့ခဲ့ခြင်းဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အကြီးမားဆုံး ရမှတ်လျော့မှုဖြစ်ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ အကုန်မှာတော့ ၁၀ မှတ်အစား ၆ မှတ်ကို ပြောင်းလဲပြီး အဲဗာတန်ကို ၄ မှတ် ပြန်ပေးခဲ့ပါတယ်။

ဒါဟာ စွဲချက်ပေါင်း ၁၁၅ ချက်နဲ့ အရေးယူခံရမယ့် မန်စီးတီးကျရင်လည်း ဘာပြစ်ဒဏ်ချချ အယူခံဝင်ပြီး အယူခံအောင်ရင် ပြန်ပယ်ဖျက်ပေးမှာလားလို့ မေးခွန်းထုတ်စရာပဲလို့ ဂန်းနားဟောင်းက ထောက်ပြလာခဲ့တာ ဖြစ်ပါတယ်။

အီရန်ရိုက်က ‘ အမှားနှစ်ခုအတွက် ပရီးမီးယားလိဂ်ဘက်က အဲဗာတန်ကို အရေးယူထားခဲ့တယ်။ ဆုံးဖြတ်ချက်တွေ ချတုန်းက မှန်လား မမှန်လား ထောက်ပြပေးမယ့်သူ ၉ ဦးထိ ရှိနေတာပဲလေ။ အခုတော့ သူတို့က အမှတ်တွေ ယူမိတာ မှားပါတယ်ဆိုပြီး အမှတ်အချို့ ပြန်ပေးလိုက်ပြန်တယ်။

သူတို့ လုပ်နေပုံတွေကို ကြည့်ပြီး မန်စီးတီး ရှေ့နေတွေ ဘာလုပ်နေမယ်ထင်ကြလဲ? သူတို့က ထတောင် ကကောင်းကနေမယ်။ တကယ်ကို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပါပဲ။

သူတို့က သူတို့ လုပ်ရမယ့် ကိစ္စကို ပြတ်ပြတ်သားသား လုပ်ရမှာ။ အဲဗာတန်ကို အပြစ်ပေးရမယ်၊ ၁၀ မှတ်လျော့ရမယ် လုပ်တယ်။ အဲဗာတန်က အယူခံဝင်တယ်။ ပရီးမီးယားလိဂ်ကလည်း အယူခံဝင်ခွင့်ပေးသလို အအောင်ပါ ပေးလိုက်တယ်။

အရင်တုန်းက ဒါမျိုး တစ်ကြိမ်မှ ခွင့်မပြုဖူးပေမယ့် အခု ခွင့်ပြုလိုက်တယ်။ သူတို့က အတော်လေး ရှက်ဖို့ကောင်းတဲ့ အနေအထားကို ဖန်တီးလိုက်တာပါပဲ ’ လို့ ဝေဖန်သွားတာ ဖြစ်ပါတယ်။

အဲဗာတန်အမာခံပရိသတ် ကာရေဂါ ကိုယ်တိုင်ကပဲ ပရီးမီးယားလိဂ်ရဲ့ ပြောင်းလွယ် ပြင်လွယ် ဆုံးဖြတ်ပေးမှုမျိုး ယခင်ကဆို လုံးဝ မရှိခဲ့ဘူးလို့ ဝင်ရောက် မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။