အီဖယ်တာဝါကို သံရည်ကျိုဖို့ ဆိုပြီး ပိပိရိရိ လိမ်ရောင်းခဲ့တဲ့ ကမ္ဘာ့သမိုင်းမှာ အကြီးဆုံး လိမ်လည်မှု အကြောင်း

၁၉၂၅ ခုနှစ်တုန်းက Victor Lustig ဆိုသူသည် အာဏာပိုင်အယောင်ဆောင်ကာ စာရွက်စာတန်းများအတုလုပ်ပြီး Eiffel Tower ကြီးကို နှစ်ကြိမ်တိုင် လိမ်လည်ရောင်းချခဲ့ပါတယ်။
ထိုအချိန်က ပြင်သစ်နိုင်ငံရဲ့အထင်ကရ Eiffel Tower ကြီးကအစိုးရအတွက်ကြီးမားတဲ့ အခက်အခဲတစ်ခုဖြစ်နေပါတယ်။ သံချေးမျာ းစတက်နေပြီးပြုပြင်ထိမ်းသိမ်းခြင်းနှင့်ဆေးပြန်သုတ်ဖို့ ကုန်ကျစရိတ်များစွာလိုအပ်နေကြောင်း သတင်းစာထဲမှာဖော်ပြထားတာကို Victor Lustig ကတွေ့ရှိပြီးနောက် ဒါကိုအသုံးချပြီး လိမ်လည်ဖို့အကြံအစည်ရလာပါတယ်။
ဒီလိုနဲ့ Eiffel Tower အနီးက Crillon ဟိုတယ်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းရှင်ကြီး ၅ ဦးကိုဖိတ်ခေါ်ကာ (သတင်းစာပါအစိုးရထုတ်ပြန်ချက်ကိုပြပြီး) ကမ္ဘာ့အမြင့်ဆုံး Eiffel Tower ကြီးရဲ့ပြုပြင်ထိန်းသိမ်းစရိတ်များပြားလာတာကြောင့် ဖြိုဖျက်ပြီးသံရည်ကျိုတော့မှာမို့ လျှော့ဈေးနဲ့တိတ်တဆိတ်ရောင်းမည်ဟုဆိုကာ ဈေးအများဆုံးပေးမယ့်သူကိုရောင်းချရန် ကမ်းလှမ်းခဲ့ပါတယ်။
ပြင်သစ်နိုင်ငံကပြန်လည်ထူထောင်နေဆဲကာလ စီးပွားရေးကြပ်တည်းနေချိန်ဖြစ်တာကြောင့် သူရဲ့ကမ်းလှမ်းချက်ကယုံကြည်စရာကောင်းခဲ့ပါတယ်။ Andre Poisson ဆိုသူကထိုအချိန်ကပြင်သစ်ငွေကြေး French Franc 70000 နဲ့ ဝယ်ယူခဲ့ပါတယ်။
ဒီလိုနဲ့ပိုက်ဆံရရပြီးချင်းမှာပဲ သြစတီးယားကိုထွက်သွားပြီး ပြင်သစ်သတင်းများကို မပြတ်စောင့်ကြည့်နေပါတယ်။ လိမ်ခံရသူကလည်းရှက်ပြီးတိုင်ကြားခြင်းမရှိခဲ့တာကြောင့် အချိန်အတော်ကြာတဲ့အထိ သတင်းစာမှာ Eiffel Tower နဲ့ပတ်သတ်ပြီး ဘာမှ ထူးထူးခြားခြားမပါခဲ့ပါဘူး။
ဒါကြောင့်လအနည်းငယ်အကြာမှာတော့ ပါရီကိုနောက်တစ်ခါပြန်လာပြီး ဒီပုံစံအတိုင်း နောက်တစ်ကြိမ် လိမ်လည်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ တိုင်ကြားခံရတာကြောင့် အမေရိကန်ကိုထွက်ပြေးခဲ့ပါတယ်။
အမေရိကန်မှာလည်းအရင်တည်းက လိမ်လည်မှုများစွာ လုပ်ထားသူဖြစ်တာကြောင့် နောက် ၁၀ နှစ်အကြာ ၁၉၃၅ ခုနှစ်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။ ထောင်ထဲမှာ ၁၂ နှစ်ကြာနေခဲ့ရပြီး ၁၉၄၇ ခုနှစ်မှာရောဂါဖြင့်ကွယ်လွန်ခဲ့ပါတယ်။
သမိုင်းမှာဒီလိုလိမ်ရောင်းခံရတာ Eiffel Tower တစ်ခုတည်းမဟုတ်ပါဘူး အမေရိကန်က နာမည်ကျော် Brooklyn တံတားနဲ့ Statue of liberty ရုပ်တုကြီးတွေကိုလည်း လိမ်ရောင်းခံခဲ့ဖူးပါတယ်။