ကိုပင်ဟေဂင်ကို ဒုကျော့ နိုင်ပြီးနောက် ချန်ပီယံလိဂ် စံချိန် မှတ်တမ်းသစ်တွေပါ တင်နိုင်လိုက်တဲ့ မန်စီးတီး

မန်စီးတီးဟာ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အား မနေ့ညက ရှုံးထွက်အဆင့် ဒုတိယ အကျော့ ပွဲဧည့်ခံ ကစားရာ ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ချန်ပီယံလိဂ် သမိုင်းမှတ်တိုင်သစ် တစ်ခု စိုက်ထူလာပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီးဟာ အီတီဟတ်ကွင်းတွင် ကိုဗင်ဟေဂင်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၆-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးဟာ ပွဲချိန် ၉ မိနစ်အတွင်းမှာပင် အေကန်ဂျီရဲ့ Volley ဂိုး၊ ဂျူလီယန်အယ်ဗာရက်ဇ်ရဲ့ ဂိုးဖြင့် ၂-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ယင်းနောက် ၂၉ မိနစ်မှာ ဆောက်သမ်တန် ကစားသမားဟောင်း အယ်ယူနူဆီက ကိုပင်ဟေဂင်အတွက် ချေပဂိုး သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာလင်းဟာလန်းက မန်စီးတီးအတွက် အနိုင်သေချာစေမဲ့ တတိယဂိုးကို သွင်းယူခဲ့ပါတယ်။

ယင်းဂိုးကြောင့် အာလင်းဟာလန်းဟာ မန်စီးတီးဂန္ထဝင်တိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးရဲ့ ချန်ပီယံလိဂ် ၄၁ ဂိုးစံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ သူဟာ ချန်ပီယံလိဂ် ၃၇ ပွဲကစားထားရာမှာ ၄၁ ဂိုးသွင်းထားနိုင်တာ ဖြစ်ပါတယ်။ သူဟာ ချန်ပီယံလိဂ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူများ စာရင်းမှာ အဆင့် ၁၉ ချိတ်လာပါတယ်။

ယင်းဂိုးကြောင့် မန်စီးတီးဟာလည်း ချန်ပီယံလိဂ်သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူလာပါတယ်။ ယင်းဂိုးကြောင့် မန်စီးတီးဟာ ချန်ပီယံလိဂ် အိမ်ကွင်း ၉ ပွဲဆက် အနည်းဆုံး ၃ ဂိုးသွင်းနိုင်တဲ့ပထမဆုံးအသင်းအဖြစ် မှတ်တိုင်စိုက်လာပါတယ်။

ဒါ့အပြင် မန်စီးတီးဟာ ချန်ပီယံလိဂ် ၁၀ ပွဲဆက် နိုင်ပွဲ ရရှိတဲ့ အင်္ဂလိပ်အသင်းအဖြစ်လည်း မှတ်တမ်းရေးထိုးလာပါတယ်။