ဥရောပ နိုင်ပွဲရအပြီး ပရီးမီးယားလိဂ်ကို စိတ်ပျက်ရတဲ့ အကြောင်း ထပ်မံ ဖော်ထုတ်သွားတဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ချန်ပီယံလိဂ်ပွဲစဉ်ကစားရမယ့် ရက်သတ္တပတ်တွေမှာ လိဂ်ပွဲစဉ်ဇယားရေးဆွဲထားမှုနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်အပေါ် စိတ်ပျက်ရကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက ဥရောပအဆင့်မှာ ကိုဟင်ဟေဂင်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်မတိုင်ခင် သုံးရက် အလို တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့ရတဲ့အချက်အပေါ် သူ့ရဲ့မကျေနပ်မှုကို ယခင်ကာလတွေမှာလည်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

မန်ချက်စတာ ဒါဘီပွဲစဉ်အပြီး ကိုပင်ဟေဂင်နဲ့ ပွဲစဉ်မှာ ပက်ဂွါဒီယိုလာက ပွဲထွက် ကစားသမားနေရာ ခုနစ်ခုအထိ အပြောင်းအလဲပြုလုပ်ခဲ့ပြီး သူ့ရဲ့အသင်းက လာမယ့် တနင်္ဂနွေနေ့မှာလည်း ရာသီကုန် အမှတ်ပေး ချန်ပီယံဆုအတွက် အလွန် အရေးကြီးတဲ့ ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ရင်ဆိုင် ကစားရပါဦးမယ်။

ဒါပေမယ့် မန်စီးတီး နည်းပြကြီးကတော့ အန်ဖီးလ်မှာ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ကစားသမားအချို့ ချန်လှပ်ခဲ့တယ်ဆိုတဲ့ ကောက်ချက်အပေါ် ငြင်းဆန်လိုက်ပြီး သူ့အနေဖြင့် ကိုပင်ဟေဂင်ကို ရင်ဆိုင်နိုင်ဖို့ သေလုမတတ် အာရုံစိုက်ထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သူက “ကျွန်တော့် အတွက် လန်းဆန်းနေတဲ့ ကစားသမားတွေ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ကစားသမားတွေ ဘယ်လောက်အထိ ပင်ပန်းနေသလဲဆိုတာ ကျွန်တော်သိပါတယ်။

အချို့နိုင်ငံတွေမှာတော့ ဗုဒ္ဓဟူးနေ့မှာ ပွဲကစားဖို့ရှိနေရင် စနေနေ့မှာ ပွဲကစားခွင့်ပေးပါလိမ့်မယ်။ ကျွန်တော့်အတွက် လန်းဆန်းနေတဲ့ ကစားသမားတွေ လိုအပ်ခဲ့ပြီး ဒီလိုပွဲစဉ်မျိုးက ပရိသတ်တွေကို ဆွဲဆောင်နိုင်ပါတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မန်စီးတီးက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ဆီ ခုနစ်နှစ်ဆက် တက်ရောက်နိုင်ခဲ့ပါပြီ။ မန်စီးတီးအတွက် နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲဆိုတာ မတ် ၁၅ ရက်၊ ကွာတားဖိုင်နယ်အဆင့် မွဲခွဲမှုအပြီးမှာ သိရှိရပါလိမ့်မယ်။

မန်စီးတီးနဲ့အတူ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့လည်း နောက်တစ်ဆင့်တက်ရောက်ထားနိုင်ပြီး ကျန် လေးနေရာ အတွက်ပွဲစဉ်တွေကို လာမယ့်သီတင်းပတ်မှာ ယှဉ်ပြိုင်ကစားသွားပါမယ်။