ည က လီဗာပူးနဲ့ ပွဲမှာ နည်းပြ ဂွါဒီယိုလာကို ရှယ်တင်းနေတဲ့ စီးတီး ကွင်းလယ်လူ ကီဗင်ဒီဘရိုင်း

စီးတီး ကွင်းလယ် ကစားသမား ကီဗင်ဒီဘရိုင်းဟာ မနေ့ညတုန်းက လီဗာပူးနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲမှာ အံ့ဩသင့်ဖွယ် ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာအပေါ် အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။

လီဗာပူးနှင့် မန်စီးတီးတို့ဟာ မနေ့ညတုန်းက အန်ဖီးလ်မှာ ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။ မန်စီးတီးဟာ ဂျွန်စတုန်းရဲ့ ဂိုးဖြင့် ပထမပိုင်းမှာ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ကီဗင်ဒီဘရိုင်းရဲ့ ထောင့်ကန်ဘောကနေတဆင့် အင်္ဂလန်နောက်ခံလူ သွင်းယူခဲ့တာပါ။

ဒါပေမဲ့ ဒုတိယပိုင်းအစ ၅ မိနစ်အကြာမှာ ဒါဝင်းနူနက်ဇ်ကြောင့် ရတဲ့ ပင်နယ်တီကနေ မက်အယ်လစ်စတာက အပိုင်ကန်ပြီး လီဗာပူးအတွက် ချေပဂိုးသွင်းခဲ့ပါတယ်။

မန်စီးတီးဟာ ပထမပိုင်းအစနှင့် ဒုတိယပိုင်းအချိန်အများစုမှာ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂွါဒီယိုလာဟာ ပွဲပြီးဖို့ မိနစ် ၂၀ အလိုမှာ အံ့ဩသင့်ဖွယ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ဒုတိယပိုင်းမှာ လုပ်ပြနိုင်တာ နည်းပါးလာတဲ့အပြင် ဘောလုံးဆုံးရှုံးမှုတွေ ရှိလာတဲ့ ကီဗင်ဒီဘရိုင်းကို မာတီယိုကိုဗာဆစ်နှင့် လူစားလဲဖို့ ဆုံးဖြတ်လိုက်တာပါ။

ကီဗင်ဒီဘရိုင်းဟာ အရေးပါတဲ့ပွဲမှာ သူ့ကို လူစားလဲလှယ်မှု ပြုလုပ်မှုအပေါ် မပျော်မရွှင် ဖြစ်နေပုံပါ။ သူဟာ ကွင်းထဲက ထွက်ခွာလာပြီးတဲ့နောက် နည်းပြဂွါဒီယိုလာကို စောဒကတက်မှု ပြုလုပ်ခဲ့သလို အရန်ခုံမှာ ထိုင်နေချိန်မှာလည်း လက်ထောက် နည်းပြဟွန်မာလီလိုနှင့် အပြန်အလှန်ပြောဆိုနေခဲ့တာ တွေ့ရပါတယ်။

မိနစ်အနည်းငယ်အကြာမှာ ဂွါဒီယိုလာဟာ ကစားသမားဆီသွားရောက်ပြီး စကားပြောဆိုခဲ့ပေမဲ့ ကီဗင်ဒီဘရိုင်းကတော့ အတော် စိတ်ပျက်နေခဲ့တာ တွေ့ရပါတယ်။