ဒီဘရိုင်း ဒေါသကို ပြေရာပြေကြောင်း ဖြေရှင်းခဲ့ရတဲ့ ပက် ဂွါဒီယိုလာ ရဲ့ ပွဲပြီး ပြောစကား

မနေ့ညက လီဗာပူးလ်နဲ့ ၁-၁ ဂိုးစီသရေကျတဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီ ကွင်းလယ်လူ ဒီဘရိုင်း ဟာ လူစားလဲခံခဲ့ရချိန်မှာ ဒေါသပေါက်ကွဲခဲ့ပြီး ဂွါဒီယိုလာကတော့ ဒီဘရိုင်းနားရဲ့အပြုအမူဟာ ပြဿနာမဟုတ်ဘဲ ကျေနပ်စရာကောင်းတဲ့ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်း ဟာ ပထမပိုင်း ၂၃ မိနစ်မှာ ဂျွန်စတုန်းစ် အဖွင့်ဂိုးသွင်းနိုင်အောင် ထောင့်ကန်ဘောကနေ ဂိုးဖန်တီးပေးခဲ့ပေမဲ့ ဂွါဒီယိုလာက သူ့ကို ပွဲချိန်ပြည့်မသုံးဘဲ ၆၉ မိနစ်မှာ ကိုဗာချစ်နဲ့လူစားလဲခဲ့ပါတယ်။ လူစားလဲခံရချိန်မှာ ဒီဘရိုင်း က မကျေမနပ်ဖြစ်ပြီး အရန်ခုံတန်းဆီ မသွားခင် ဂွါဒီယိုလာနဲ့အပြန်အလှန် စကားများခဲ့တာဖြစ်ပါတယ်။

မကြာခင်မှာပဲ ဂွါဒီယိုလာက ဒီဘရိုင်း ရဲ့ဘေးနားကို သွားပြီးတော့ ပြေလည်ရာပြေလည်ကြောင်းပြောခဲ့တာကိုလည်း ရုပ်သံပြကွက်တွေအရ မြင်တွေ့ခဲ့ရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ပွဲအပြီး အင်တာဗျူးမှာ ဂွါဒီယိုလာက “ကျွန်တော်ကတော့ ဒီဖြစ်ရပ်အပေါ် သဘောကျပါတယ်။ ဒီဘရိုင်းနား မကျေမနပ်ဖြစ်တာကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ အဲဒါမှ နောက်ပွဲကျရင် သူ ပေါက်ကွဲပြမှာဖြစ်တဲ့အတွက် ဒါက ကောင်းတဲ့ကိစ္စပါ။ အခုအချိန်မှာတော့ ဒီဘရိုင်း လည်း စိတ်မဆိုးတော့ပါဘူး။

ဒီပွဲမှာ ကျွန်တော်တို့အသင်း ကွင်းလယ်မှာ ဘောလုံးကိုင်ကစားနိုင်မဲ့သူ လိုအပ်နေပြီး ဒီဘရိုင်းနားနေရာ ကိုဗာချစ် ဝင်လာတော့မှ အခြေအနေ ကောင်းလာတာဖြစ်ပါတယ်။ ဒီဘရိုင်း ကို ကျွန်တော် ပြောချင်တာက သူ့ကို ကျွန်တော်တို့ လိုအပ်ပြီး ဒီဘရိုင်း ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။