မန်စီးတီးကို အာဆင်နယ်က အနိုင်ယူဖို့ နည်းလမ်း ရှာတွေ့မယ် ယုံကြည်နေတဲ့ လီဗာပူး ကစားသမားဟောင်းကြီး

ဘီဘီစီ သုံးသပ်သူ တစ်ဦးဖြစ်သလို လီဗာပူး ကွင်းလယ်လူဟောင်းလည်း ဖြစ်တဲ့ ဒန်နီမာဖီကတော့ လီဗာပူးအသင်းနဲ့တကွ ကြီး ၆ ကြီး စာရင်းဝင် ကလပ်တွေ လုပ်ပြနေမှုဟာ မန်စီးတီးကို ဘယ်လို အနိုင်ယူရမလဲ အာဆင်နယ်အသင်းအား မြင်တွေ့စေမယ်လို့ ယုံကြည်နေပါတယ်။
ဒီရာသီမှာ မန်စီးတီးဟာ လီဗာပူး၊ စပါး၊ ပဲလေစ့်၊ ချယ်ဆီးတို့ကို အိမ်ကွင်းတွေမှာ သရေကျခဲ့တာကလွဲလို့ ပွဲတိုင်း အနိုင်ရထားခဲ့ပါတယ်။ မတ်လ ၃၁ ရက်နေ့မှာတော့ အာဆင်နယ်က စီးတီးကွင်းမှာ သွားကစားရမှာပါ။
မနေ့ညက ပွဲမှာဆိုရင် လီဗာပူးအသင်းဟာ မန်စီးတီးအသင်းရဲ့ အားနည်းချက်ကို ထပ်မံ ဖော်ထုတ်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ အားပြုကာ ဘောလုံးလုယူနိုင်စွမ်း မြင့်မားမှုဖြင့် ပြိုင်ဘက်ရဲ့ ကစားကွက်ကို တန်ပြန်ခဲ့တာ ဖြစ်ပါတယ်။
‘ လိုက်လုပ်ဖို့ ခက်ခဲပေမယ့်လို့ အခြား နှစ်သင်းထံကနေလည်း အတုယူနိုင်တာကို ကျနော်တို့ မြင်ခဲ့ဖူးပါတယ် ’ လို့ ဒန်နီမာဖီက ထောက်ပြပါတယ်။
လီဗာပူးတင် မဟုတ်ဘဲ ချယ်ဆီးအသင်းဟာလည်း မန်စီးတီးကို ၄-၄ သရေကျအောင် ကစားခဲ့သလို စပါးကလည်း စီးတီးကို ရင်ဆိုင်ရာမှာ အကောင်းဆုံး တုန့်ပြန်ပြခဲ့ဖူးပါတယ်။
‘ မန်စီးတီးကို ရင်ဆိုင်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ပြီး ခုန်လွှားကစားနိုင်တဲ့ သူတွေ လိုအပ်ပါတယ်။ အဲ့လို ကစားသမားတွေနဲ့အတူ စိတ်ဓါတ်ပိုင်း ကြံ့ခိုင်ပြီး ယုံကြည်ချက်ရှိနေမယ်ဆိုရင် မန်စီးတီးကို ပြဿနာတွေ ပေးနိုင်ပါတယ် ’ လို့ မာဖီက ဆက်လက် ထောက်ပြခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ကျန် ပရီးမီးယားလိဂ် ၁၀ ပွဲကို အနိုင်ရခဲ့ရင် ချန်ပီယံဖြစ်နိုင်ချေ မြင့်မားနေတာပဲ ဖြစ်ပါတယ်။