သမိုင်းမှာ မရှိဖူးတဲ့ ပရီးမီးယားလိဂ် လေးနှစ်ဆက်တိုက် ယူမယ်လို့ ကြွေးကြော်လိုက်တဲ့ ဝေါ်ကာ
စီးတီး နောက်ခံလူ ကိုင်လီ ဝေါ်ကာက ဒီရာသီ ဆုဖလားပြိုင်ပွဲမှာ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကို ကျော်ဖြတ်နိုင်ဖို့အတွက် မန်စီးတီးမှာ ဆာလောင်မှု ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
လီဗာပူးလ်၊ အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ ကောင်တည်းပြေးတဲ့ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ထိပ်ဆုံး ၃ သင်းက အနီးကပ်ယှဉ်ပြိုင်နေတာကို မြင်တွေ့နေရတာဖြစ်ပါတယ်။
ထိပ်ဆုံး ၃ သင်းကြားမှာ ရမှတ်ကွာဟမှု ၁ မှတ်သာ ရှိနေတာဖြစ်ပြီး ရာသီကုန်ဆုံးဖို့ကလည်း ၁၀ ပွဲသာ လိုတော့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးပြိုင်ပွဲတွေထဲက တစ်ခုဖြစ်လာတော့မှာပါ။
အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အထင်ကြီးဖွယ်ဂိုးသွင်းခြေစွမ်းနဲ့ ၈ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ကလည်း ဒီရာသီမှာ ကာရာဘောင်းဖလား ရရှိထားပြီးဖြစ်သလို အက်ဖ်အေ၊ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲတွေမှာလည်း ယှဉ်ပြိုင်နေဆဲဖြစ်တာကြောင့် သမိုင်းဝင် ဖလား ၄ လုံး ရနိုင်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေသေးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်စီးတီးက ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက် သမိုင်းဝင်အနိုင်ရရှိအောင် ဘယ်လို လုပ်ရမလဲဆိုတာကို သိဖို့ လုံလောက်တဲ့အတွေ့အကြုံတွေရှိနေပြီး ပြီးခဲ့တဲ့ရာသီတုန်းကလိုပဲ ဖလား ၃ လုံးတပြိုင်နက်ရယူနိုင်မယ့် လမ်းကြောင်းပေါ်ရှိနေပါတယ်။
ဝေါ်ကာက မန်စီးတီးရဲ့ အတွေ့အကြုံနဲ့ ဆုဖလားတွေ အနိုင်ရယူနိုင်တဲ့သမိုင်းကြောင်းက အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်တစ်ခုဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
“ဒါကြောင့်ပဲ ဒီလိဂ်က ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်ဖြစ်နေတာပါ။ ကစားသမားတွေက ဒီကို လာကစားချင်တယ်။ ဒီလိဂ်မှာ ယှဉ်ပြိုင်ချင်တယ်။ ပရီးမီးယားလိဂ်အတွက် အရမ်းကောင်းပါတယ်။ ဒီလိုအသင်း ၃ သင်းက အရမ်းနီးကပ်နေတယ်။ အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့အတူ ထိပ်တန်းအဆင့်မှာ ယှဉ်ပြိုင်နေကြတယ်။
အဲဒါက အရမ်းကောင်းတဲ့ မြင်ကွင်းပဲ။ ကျွန်တော်တို့ ဆုဖလားပြိုင်ပွဲထဲမှာရှိနေပြီး အမြဲတမ်းလုပ်ခဲ့သလိုပဲ အဆုံးအထိ တိုက်ပွဲဝင်နိုင်အောင် လုပ်သွားမှာပါ။ ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်အနိုင်ရတာက ထူးခြားဆန်းကြယ်ပေမယ့် ၄ နှစ် ဆက်ကတော့ ဘယ်သူကမှ မလုပ်ခဲ့ဖူးဘူး။
ဒါကပဲ ကျွန်တော်တို့ကို ဆာလောင်စေပြီး တိုးတက်အောင် လုပ်ချင်စိတ်ဖြစ်စေပါတယ်။ ကစားဖို့ အများကြီးကျန်သေးပြီး အလှည့်အပြောင်းတွေလည်း အများကြီးဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ ကိုယ့်ဘာသာ ကောင်းကောင်း လုပ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။