ဝေလငါးတွေထက်တောင် ကြီးတဲ့ ရေခူကြီး၊ တစ်ပေါက်တည်းကနေ အစာစား၊ အညစ်ကြေးစွန့်တဲ့ Lion’s Mane Jellyfish

ကမ္ဘာပေါ်မှာ အကြီးဆုံး သတ္တဝါအဖြစ် သတ်မှတ်ထားတာက Blue whale ဝေလငါးကြီးတွေပါ။

Blue whale တွေကအရှည်ပေ ၉၀ လောက်ထိရှိတတ်ပြီး တန် ၁၅၀ လောက်အထိလေးပါတယ်။ အရှည်ဘတ်စ်ကား ၃ စီးလောက်ရှိပြီး အလေးချိန်ကလည်း ဆင် ၃၃ ကောင်စာလောက်ရှိပါတယ်။ အလေးဆုံးဒိုင်နိုဆောက တန် ၈၀ ခန့်သာရှိတာကြောင့်ဝေလငါးတွေက ဒိုင်နိုဆောတွေထက်တောင်ပိုကြီးပါတယ်။ ဒါပေမဲ့ဝေလငါးတွေက အရှည်ဆုံးသတ္တဝါတော့မဟုတ်ပါဘူး။

Lion’s Mane Jellyfish လို့ခေါ်တဲ့ ဧရာမရေခူကြီးတွေက ပုံမှန်အားဖြင့် အရှည် ၁ ပေခွဲခန့်သာရှိတတ်ပေမဲ့ ၁၈၆၅ ခုနှစ်က အချင်း ၇ ပေနှင့်အရှည် ပေ ၁၂၀ အထိ ရှည်တာရှာဖွေတွေ့ရှိထားပါတယ်။ သူ့ရဲ့အမျှင်တွေက အလွန်ရှည်လျားတာကြောင့် ခြင်္သေ့လည်ဆံမွှေး (Lion’s mane) လို့နာမည်ပေးခဲ့တာပါ။

သူတို့မှာဦးနောက်နှင့် အာရုံကြောတွေမပါတာကြောင့် လူတွေလိုနာကျင်မှုကိုမခံစားရပါဘူး။ ဒါပေမဲ့အမျှင်တွေမှာ nematocysts လို့ခေါ်တဲ့ ဆဲလ်တွေပါဝင်တာကြောင့် အလင်းရောင်၊ အထိအတွေ့နှင့် အပူချိန်တွေကိုတော့ခံစားနိုင်ပါတယ်။ အလင်းရောင်ထုတ်လွှတ်နိုင်တဲ့ Bioluminescent တွေပါဝင်တာကြောင့် အမှောင်ထဲမှာ လင်းလက်နိုင်ပါတယ်။

သူတို့မှာ အပေါက်တစ်ပေါက်တည်းပါတာကြောင့် အစာစားတာရော၊ အညစ်အကြေး ပြန်လည် စွန့်ထုတ်တာရော ပါးစပ်ပေါက်ကနေသာ လုပ်ဆောင်ပါတယ်။

လက်ရှိရှာဖွေတွေ့ရှိရသလောက် အရှည်ဆုံးဝေလငါးက ၁၉၀၉ ခုနှစ်က တောင်အတ္တလန်တိတ် သမုဒ္ဒရာမှာတွေ့ရှိခဲ့တဲ့ အရှည်ပေ ၁၁၀ ရှိတဲ့ဝေလငါးပါ။ အလေးချိန်အများဆုံးအဖြစ် ရှာဖွေတွေ့ရှိထားတာက ၁၉၄၇ ခုနှစ်က တောင်ပိုင်းသမုဒ္ဒရာမှာတွေ့ရှိခဲ့တဲ့ တန် ၁၉၀ ရှိတဲ့ဝေလငါးပါ။ နှစ်ကောင်လုံးအမတွေပါ။ ဝေလငါးတွေကအမတွေက အထီးတွေထက် အရွယ်အစားပိုကြီးပါတယ်။

Lion’s Mane Jellyfish တွေကလည်း အရှည်ဆုံးသတ္တဝါမဟုတ်သေးပါဘူး။ အရှည်ဆုံးတိရစ္ဆာန်အဖြစ် ဂင်းနစ်မှတ်တမ်းမှာဖော်ပြထားတာကတော့ ၁၈၆၄ ခုနှစ်မှာ စကော့တလန်နိုင်ငံမှာရှာတွေ့ခဲ့တဲ့ ပေ ၁၈၀ ရှည်တဲ့ Bootlace worm လို့ခေါ်တဲ့တီကောင်ပါ။

လက်ရှိအချိန်အထိ ပင်လယ်သမုဒ္ဒရာတွေရဲ့ ၅ ရာခိုင်နှုန်းခန့်ကိုသာ ရှာဖွနိုင်ပါသေးတယ်။ ဒါကြောင့်လူတွေရှာမတွေ့သေးတဲ့ ဒီထက်ကြီးမားတဲ့ ပင်လယ်သတ္တဝါတွေ အများအပြားရှိနိုင်ပါသေးတယ်။