K-Pop အဆိုတော်များပါ မြင်တွေ့ရမယ့် ယခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန်

ယခုနှစ် နေပြည်တော်သင်္ကြန်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များလာရောက်ဖျော်ဖြေမည့် လမ်းလျှောက်သင်္ကြန်ကို ထည့်တွင်း ကျင်းပမယ်လို့ သိရပါတယ်။

ယခင်နှစ်ကကဲ့သို့ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ရာ အထူးအစီအစဉ်အနေဖြင့် Boss and Jobs Company နှင့် ကိုရီးယား ကုမ္ပဏီများပူးပေါင်း၍ ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များနှင့် နာမည်ကြီး အနုပညာရှင်များ ပါဝင် သီဆိုကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် အနုပညာရှင်များကိုလည်း နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ မတ်လ ၁၅ရက်တွင်းကျင်းပတဲ့ အဆိုပါကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ရိုးရာပွဲတော်တစ်ခု အဖြစ် ပြည်သူများသာမက ဝန်ထမ်းများ အားလုံး ပျော်ရွှင်စွာပါဝင် ဆင်နွှဲနိုင်ရန် ရည်ရွယ်ကျင်း ပခြင်းဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆက်လက်ပြောကြားပါတယ်။

အစည်းအဝေးတွင် နေပြည်တော်သင်္ကြန်ကို ဖန်တီးမည့် Brilliant Aura Co.,Ltd မှ ပရောဂျက်ဒါရိုက်တာက တိုင်းရင်းသားသင်္ကြန်၊ စတုဒီသာသင်္ကြန်၊ ဝန်ကြီးဌာန သင်္ကြန်နှင့် လူငယ်သင်္ကြန် စသည့် ဇုန် ၄ ခု ထည့် သွင်းကျင်းပနိုင်ရေးအပါအဝင် နေပြည်တော် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့လည်း သိရှိရပါတယ်။