ကာဆယ်ကို အနိုင်ယူပြီး FA ဆီမီးတက်သွားတဲ့ မန်စီးတီး၊ ဆက်လက် အသက်ဝင်နေဆဲ ‘Double Treble’ အိပ်မက်

မနေ့ညက အီတီဟက်မှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့နယူးကာဆယ်တို့ရဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲမှာတော့ အားလုံးမျှော်လင့်ထားသလိုပဲ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ၂-၀ ဂိုးနဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ပြီဖြစ်ပါတယ်။

အဓိက တိုက်စစ်ကစားသမား ဒီဘရိုင်းနား ဒဏ်ရာကြောင့် မပါနိုင်ချိန်မှာ မန်စီးတီးအသင်း ကွင်းလယ်က ရေးပါတဲ့pass တွေ ပြုလုပ်နိုင်မှု အားနည်းခဲ့ပြီး တိုက်စစ်မှုါ် ဟာလန်းကို ကျန်တဲ့ကစားသမားတွေက ဒီဘရိုင်းနားလို လုံလောက်တဲ့ ပံ့ပိုးမှု မလုပ်နိုင်ခဲ့ပါဘူး။

နယူးကာဆယ်အသင်း ကစားပုံက အများကြီး အပြစ်တင်စရာမရှိဘဲ အီတီဟတ်မှာကစားရတာဖြစ်ပေမဲ့ ခံစစ်ကို အရမ်း အာရုံမစိုက်ဘဲ ပွဲအစကတည်းက High Press တွေနဲ့ မန်စီးတီးကို ဖွင့်ကစားခဲ့ပါတယ်။

နယူးကာဆယ်ကွင်းလယ်က တိုက်စစ်လမ်းကြောင်းအတွက် Build Up လုပ်တာကောင်းပေမဲ့ မန်စီးတီးရဲ့ Final Third Zone နားရောက်ရင် ထိထိရောက်ရောက် မထိုးဖောက်နိုင်တာက အဓိက အားနည်းချက်ဖြစ်ခဲ့ရပါတယ်။

အန်သိုနီဂေါ်ဒွန်ဟာ ရိုဒရီ+ကိုဗာချစ်၊ ရူဘင်ဒီယက်စ်+အကန်ဂျီတို့ကြားမှာ ပိတ်မိနေပြီး ခြေစွမ်းမပြနိုင်ဘဲ ဘရူနိုဂီမာရေ့စ်က ကွင်းလယ်ကို Drop လုပ်ပြီးတော့ ဆင်းကစားရတာကြောင့် နယူးကာဆယ်ရဲ့ တိုက်စစ်ဖန်တီးမှု အားနည်းခဲ့ရတာပါ။

မန်စီးတီး ညာတောင်ပံတိုက်စစ်ကစားသမား ဒိုကူက ဒီပွဲမှာ ထူးထူးခြားခြားအဖြစ် အရင်လို Wide Space တွေကနေ မထိုးဖောက်ဘဲ နယူးကာဆယ်ခံစစ် အတွင်းထဲကို ပြေးဝင်ပြီးတော့ ထိုးဖောက်ကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

မန်စီးတီးအတွက် ပိုလွယ်သွားတာက ပထမပိုင်း ၃၁ မိနစ်အတွင်း ဘာနာဒိုဆေးလ်ဗားရဲ့ကန်ချက် ၂ ကြိမ်စလုံး နယူးကာဆယ်နောက်ခံလူတွေနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားလို့ ပွဲရဲ့ Tempo ကို ကိုယ်လိုချင်သလို ထိန်းချုပ် ကစားခွင့်ရခဲ့တာပါပဲ။

၁၃ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားရဲ့ကန်ချက်က ဒန်ဘန်းနဲ့ထိပြီး ဂိုးဝင်ခဲ့သလို ၃၁ မိနစ်မှာလည်း ဘော့တ်မန်း ခေါင်းနဲ့ထိပြီးတော့ ဒုတိယဂိုးရခဲ့တာဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ FA ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ်အဆင့်ကို ၆ ကြိမ်ဆက်တိုက်တက်ရောက်နိုင်တဲ့ ပထမဆုံးကလပ်အဖြစ် စံချိန်တင်သွားပါတယ်။

ပြီးခဲ့တဲ့ရာသီက သမိုင်းဝင်အောင်မြင်မှုအဖြစ် ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်ရယူနိုင်တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာလည်း အဓိကဖလား ၃ လုံးလမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်တာကြောင့် အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် ဘယ်သူမှ မစွမ်းဆောင်နိုင်သေးတဲ့ ‘Double Treble'(၂ ရာသီဆက်တိုက် အဓိကဖလား ၃ လုံး ရယူနိုင်တဲ့စံချိန်)ကို ပိုင်ဆိုင်ခွင့် ရသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။