သန်း ၁ဝဝ တန် နယူးကာဆယ် ကြယ်ပွင့်ကို ခေါ်ဖို့ မန်စီးတီး၊ မန်ယူ၊ ချယ်ဆီးအသင်းတို့ အပြိုင် ချိတ်နေ
လာမယ့် နွေရာသီအပြောင်းအရွှေ့ကျရင် နယူးကာဆယ် နာမည်ကျော် ကွင်းလယ်လူ ဘရူနို ဂွီးမားရက်စ် ကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးတွေ အပြိုင်လုကြဖို့ ရှိနေပါပြီ။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်လက်ရွေးစင်ဘရူနို ဂွီးမားရက်စ် ဟာ ၂၀၂၂ ဇန်နဝါရီလက လိုင်ယွန်ကနေ နယူးကာဆယ်ကို ပေါင်သန်း ၄၀ နဲ့ပြောင်းရွှေ့ခဲ့ပြီး အသင်းကို စတင်ရောက်ချိန်ကတည်းက အဓိက ကစားသမားအဖြစ် ပါဝင်ခြေစွမ်းပြနေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂွီးမားရက်စ် က နယူးကာဆယ်အတွက် ၂၇ ပွဲကစား၊ အခွင့်အရေးဖန်တီးနိုင်မှု ၄၁ ကြိမ်၊ သွင်းဂိုး ၃ ဂိုး၊ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ခဲ့သူပါ။
၎င်းရဲ့ နယူးကာဆယ်ကစားသမားဘ၀ ၃ ရာသီအတွင်း ပြိုင်ပွဲစုံ ၉၆ ပွဲကစား၊ ၁၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီလိုခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် ဂွီးမားရက်စ်ကို ခေါ်ယူဖို့ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်၊ ချယ်ဆီး၊ လီဗာပူးလ်တို့ အပြိုင်စိတ်ဝင်စားနေကြဖြစ်ပြီး မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ကိစ္စအတွက် ဂွီးမားရက်စ် ရဲ့အေးဂျင့်တွေကို ဆက်သွယ်စုံစမ်းခဲ့တယ်လို့ စပိန်နာမည်ကျော် အားကစားသတင်းစာ AS က ဖော်ပြခဲ့ပါတယ်။
ဘရူနို ဂွီးမားရက်စ် ဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလကမှ နယူးကာဆယ်နဲ့ ၅ နှစ်စာချုပ်သက်တမ်းတိုးခဲ့သလို သူ့ရဲ့စာချုပ်လျော်ကြေးက ပေါင်သန်း ၁၀၀ အထိ ရှိတာကြောင့်ဂွီးမားရက်စ် ကို ခေါ်ယူနိုင်ဖို့ ငွေကြေးအကုန်အကျခံနိုင်မှ အဆင်ပြေနိုင်မဲ့ အနေအထား ရှိနေပါတယ်။