ဇာတ်မင်းသားခေါင်းပေါင်းနှင့် ဂါဝန် တွဲချုပ်ထားသည့် ဒီဇိုင်းဖြင့် Miss Universe ပြိုင်မည့် အပေါ် ပြင်းထန်စွာ ကန့်ကွက်
မက်ဆီကိုနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Universe ပြိုင်ပွဲအတွက် ဒီဇိုင်းနာတစ်ဦး တီထွင်ချုပ်လုပ်ထားသည့် ဝတ်စုံသည် မြန်မာ့ဇာတ်သဘင်ယဉ်ကျေးမှု ထိခိုက်၍ မြန်မာနိုင်ငံသဘင်အစည်း အရုံး(ဗဟို)မှ သတိပေးတားမြစ်ချက် ထုတ်ပြန်လိုက်ကြောင်းသိရသည်။
အဆိုပါ ဒီဇိုင်း နှင့် ဝတ်ဆင်မှုသည် မြန်မာ့ဇာတ်သဘင်တွင် အမြတ်တနိုး အလေးအနက်ထားရသော သဘင်မင်းသားခေါင်းပေါင်း နှင့် အမျိုးသမီး ဂါဝန်ကို တွဲဖက်ထားခြင်း၊
ရိုးရာသဘင်မင်းသား ခေါင်းပေါင်းပေါင်းပြီး ရင်သားဖော်ကာ ချုပ်လုပ် ဝတ်ဆင်ထားခြင်းမျိုးတွေ ပါဝင်နေတာကြောင့် သတိပေးတားမြစ်ချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒီဇိုင်နာ၏ တီထွင်ချုပ်လုပ်ထားမှုသည် မည်သို့မျှ မသင့်တော် မအပ်စပ်သည့် အပြင်၊ မြန်မာ့ဇာတ်သဘင် ယဉ်ကျေးမှုကို ထိပါး စော်ကားရာ ရောက်နေသည်ဟုထုတ်ပြန်ချက်၌ ပါရှိထားသည်။
သို့ဖြစ်ပါ၍ အဆိုပါဝတ်စုံအား ထပ်မံ၍ ဝတ်ဆင် ဖော်ပြခြင်း နှင့် နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်မည့် Miss Universe ပြိုင်ပွဲတွင် ဝတ်ဆင်ခြင်းတို့အား မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ပြင်းထန်စွာ ရှုံ့ချ၍ အလေးအနက် သတိပေး တားမြစ်ကြောင်း ဖော်ပြထားသည်။
ယခု သတိပေးတားမြစ်ချက်အား လိုက်နာခြင်း မရှိပါက မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ သဘင့် စည်းမျဉ်းစည်းကမ်းများ၊ မြန်မာ့ယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။