ချန်ပီယံလိဂ် မဲခွဲမှုမှာ လက်ရှိ ချန်ပီယံ မန်စီးတီးကို ရှောင်ရှားနိုင်ခဲ့လို့ ဝမ်းသာနေတဲ့ ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီနည်းပြ အင်းနရစ်က ချန်ပီယံလိဂ် မဲခွဲမှုမှာ အင်္ဂလန်အသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီးတို့ကို ရှောင်ရှားနိုင်လို့ ဝမ်းသာနေပါတယ်။ သောကြာနေ့က မဲခွဲပွဲမှာ အာဆင်နယ်က ဘိုင်ယန်နဲ့တွေ့ဆုံနေပြီး မန်စီးတီးက ရီးရဲလ်နဲ့တွေ့ဆုံနေပါတယ်။

ပီအက်စ်ဂျီက ၁၆ သင်း အဆင့်မှာ ဆိုစီဒက်ကို ကျော်ဖြတ်လာခဲ့တာဖြစ်ပြီး ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ဒေါ့မွန်က တီကိုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အင်းနရစ်က အသင်းဟောင်းနဲ့ရင်ဆိုင်ရမှာကို စမ်းသပ်မှုအနေနဲ့ရှုမြင်နေပြီး အာဆင်နယ် နဲ့ မန်စီးတီးတို့လိုအသင်းတွေကို ရှောင်ရှားနိုင်လို့ ကျေနပ်နေပါတယ်။

မဲခွဲပွဲအပြီးမှာ စပိန်သားနည်းပြက “ကျွန်တော်တို့ကံကောင်းပါတယ်။ ဘာလို့လဲဆိုတော့ စပိန်မြေကိုပြန်ပြီး ဘာစီလိုနာနဲ့ရင်ဆိုင်ရမှာဖြစ်တာကြောင့်ပါ။ ကျွန်တော့်ဘဝအများစုကို ဒီမြို့မှာ ဖြတ်သန်းခဲ့တာပါ။ ချန်ပီယံလိဂ်က အရမ်းကိုတောင်းဆိုမှုမြင့်မားတဲ့ပြိုင်ပွဲဆိုတာ ကျွန်တော်တို့သိပါတယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်လည်း လိုအပ်ပါတယ်။

မဲခွဲမှု ၂ ခုရှိခဲ့ပြီး ကျွန်တော်တို့က ဘာစီလိုနာ ၊ တီကို ၊ ဒေါ့မွန်တို့နဲ့ကျခဲ့ပါတယ်။ ၄ သင်းစလုံးက ဖိုင်နယ်တက်နိုင်ဖို့ အခွင့်အရေးရှိနေပြီး အဲ့တာက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖိုင်နယ်တက်ရောက်နိုင်အောင် လုပ်ဆောင်ရမှာပါ။

အခြားတစ်ဖက်မှာလည်း ရီးရဲလ် ၊ မန်စီးတီး ၊ ဘိုင်ယန် နဲ့ အာဆင်နယ်တို့က ဗိုလ်စွဲဖို့ ရေပန်းစားပါတယ်။ သူတို့တွေနဲ့ရင်ဆိုင်ရမှာက ခက်ခဲပါတယ်။ ”လို့ အင်းနရစ်က ပြောကြားခဲ့ပါတယ်။

မန်စီးတီးကတော့ မဲခွဲမှုမှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံနေပြီး ရေပန်းအစားဆုံး နှစ်သင်း စောစော ထိပ်တိုက်တွေ့တာ ဖြစ်ပါတယ်။