မန်ချက်စတာ ဒါဘီ ဖြစ်သွားနိုင်တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ အတူ ဆီမီးဖိုင်နယ် မဲခွရလဒ်တွေ ထွက်လာပါပြီ

မနေ့ညက FA ဖလား ဆီမီးဖိုင်နယ်အတွက် မဲခွဲပြီးနောက် ပွဲစဉ်တွေထွက်ပေါ်လာပြီး မန်စီးတီး အသင်းဟာ ချယ်ဆီး အသင်းနဲ့ ပွဲကြပ်ရင်ဆိုင်ရမှာဖြစ်ပေမဲ့ မန်ချက်စတာယူနိုက်တက်ကတော့ လိဂ်ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ ဆုံတွေ့နေပါတယ်။

မန်စီးတီးအသင်းဟာ ကွာတားဖိုင်နယ်မှာ နယူးကာဆယ်ကို ၂-၀ ဂိုးနဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက် ခဲ့တာဖြစ်သလို FA ဖလား ဆီမီးဖိုင်နယ်အဆင့်ကို ၆ ရာသီဆက်တိုက် ရောက်ရှိခဲ့တဲ့ ပထမဆုံး အသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ချယ်ဆီးအသင်းက ၂၀၂၀-၂၁ ရာသီ FA ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ လက်စတာအသင်းကို ဒီရာသီ ကွာတားဖိုင်နယ်မှာ ရှုံးကြွေးပြန်ဆပ်ပြီး ၄-၂ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ချယ်ဆီး အတွက်တော့ အက်ဖ်အေဖလားဟာ ဒီရာသီ တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက် ဖြစ်သလို ဥရောပ ဝင်ခွင့်နဲ့လည်း ဆက်စပ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ လိဂ်ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ ဆုံတွေ့နေတာကြောင့် ပွဲချောင်တယ်လို့ ပြောရမှာပါ။

ကိုဗင်ထရီအသင်းဟာ ကွာတားဖိုင်နယ်မှာ ဝုလ်ဗ်ကို ခြေစွမ်းပြအနိုင်ယူပြီး ၁၉၈၇ နောက်ပိုင်း FA ဖလား ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ချယ်ဆီးကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ရင် မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နဲ့ ဖိုင်နယ်မှာ တွေ့ဖွယ် ရှိနေပါတယ်။

FA ဖလား ဆီမီးဖိုင်နယ်ပွဲတွေကို ဧပြီလ ၂၀ ရက်ကျရင် ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဗိုလ်လုပွဲကတော့ မန်ချက်စတာ ဒါဘီ ဖြစ်သွားဖွယ် ရှိပါတယ်။