စီးတီး ကစားရမယ့် ပရီးမီးယားလိဂ် ဗိုလ်လုပွဲက ဘယ်ပွဲ ဖြစ်မလဲ ဖော်ထုတ်လိုက်တဲ့ နည်းပြ ဂွါဒီယိုလာ

နည်းပြ ပပ် ဂွါဒီယိုလာက မန်စီးတီးရဲ့ လာမယ့် မတ်လ ၃၁ ရက်နေ့ အီတီဟတ်မှာ အာဆင်နယ်နဲ့ ကစားရမယ့် ပွဲစဉ်ဟာ ပရီးမီးယားလိဂ် ဗိုလ်လုပွဲ ဖြစ်လာလိမ့်မယ်လို့ သတ်မှတ်ခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ လီဗာပူးလ်နဲ့အတူ ရာသီပြီးဆုံးဖို့ ၁၀ ပွဲသာ လိုတော့တဲ့အချိန်မှာ ပြင်းထန်တဲ့ ဆုဖလားပြိုင်ပွဲကို ဆင်နွှဲနေရတာဖြစ်ပြီး ဂန်းနားတွေဟာ လက်ရှိမှာ ကလော့ပ်ရဲ့အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဇယားထိပ်မှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်စီးတီးက ရမှတ် ၆၃ မှတ်နဲ့ ဇယားထိပ်က ၂ သင်းနဲ့ ၁ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက နောက်ဆုံး ၆ ရာသီမှာ ၅ ရာသီအထိ အမှတ်ပေးဖလားချန်ပီယံတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆယ်စုနှစ် ၂ ခုအကြာမှာ ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ရာသီနှောင်းပိုင်းမှာ ခြေချော်ခဲ့မှုကြောင့် ဖလားလက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဒီရာသီမစခင် ကွန်မြူနတီဒိုင်းလုပွဲမှာ မန်စီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူထားနိုင်ခဲ့ပြီးဖြစ်ပြီး အောက်တိုဘာလက အမ်းမရိတ်စ်မှာ တွေ့ဆုံခဲ့တဲ့ပွဲမှာလည်း ဂွါဒီယိုလာရဲ့ အသင်းကို ၁-၀ နဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဟာ အီတီဟတ်မှာ ဧပြီလက နောက်ဆုံးကစားခဲ့တဲ့ပွဲတုန်းက ၄-၁ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဂွါဒီယိုလာက ၎င်းရဲ့အသင်းက အိမ်ကွင်းပရိသတ်တွေရှေ့မှာ နောက်ထပ်တစ်ကြိမ် နိုင်ပွဲရယူပြနိုင်မယ်လို့ မျှော်လင့် နေတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အာဆင်နယ်နဲ့ ဗိုလ်လုပွဲ ကစားရမှာပါ။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ အနားယူနေတယ်။ ကျွန်တော်တို့ အနာဂတ်အကြောင်း မစဉ်းစားချင်ဘူး။ တော်တော်လေး ပြင်းထန်တဲ့ အချိန်ကာလကို ဖြတ်သန်းခဲ့ရတယ်။

ကစားသမားတွေ နိုင်ငံတကာပွဲသွားနေတာကြောင့် ပတ်ဝန်းကျင်က အပြောင်းအလဲဖြစ်သွားတာ ကောင်းပါတယ်။ သူတို့ထဲက အချို့ဆိုရင် သူတို့မိသားစုတွေနဲ့ တွေ့ခွင့်ရနေကြပါတယ်။ ကျွန်တော်တို့ဆီ ပြန်လာတဲ့အခါမှာ အာဆင်နယ်နဲ့ပွဲအတွက် ပြင်ဆင်ချိန် ၃ ရက်ပဲ ရတယ်။ လုပ်လိုက်ကြစို့”လို့ ပြောဆိုခဲ့ပါတယ်။