နော်ဝေ အသင်း ထရိန်နင်မှာ ထော့နင်း ဖြစ်နေတဲ့ တိုက်စစ်မှုး ဟာလန်း အခြေအနေကို နော်ဝေ အသင်းဆရာဝန် ဖြေရှင်း
မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ ပတ်သက်တဲ့ ဒဏ်ရာပြဿနာစိုးရိမ်မှုတွေကို နော်ဝေလက်ရွေးစင် အသင်းဘက်က ငြင်းဆို ထုတ်ပြန် ထားပါတယ်။
အခုလကုန်ပိုင်း ချက်၊ ဆလိုဗားကီးယားတို့နဲ့ ကစားရမယ့် နော်ဝေအသင်းရဲ့ခြေစမ်းပွဲစဉ်တွေ မတိုင်ခင် အင်္ဂါနေ့၊ လေ့ကျင့်ရေး အစီအစဉ်မှာ အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးက သက်တောင့်သက်သာမရှိဘဲ ခြေထော့နင်းဖြင့် ထွက်ခွာ သွားမှုကို မြင်တွေ့ခဲ့ရပါတယ်။
အခု နိုင်ငံတကာသီတင်းပတ်မတိုင်ခင် နယူးကာဆယ်ကို အနိုင်ရရှိတဲ့ မန်စီးတီးရဲ့ အက်ဖ်အေဖလား ပွဲစဉ်အတွင်း ဟာလန်းကို လူစားလဲလှယ်ခဲ့ရပေမယ့် နည်းပြ ပက်ဂွါဒီယိုလာကတော့ တိုက်စစ်မှူးရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
ပက်က “အခုအချိန်ကစပြီး ဟာလန်းက တစ်နည်းနည်းနဲ့ ကျွန်တော့်ရဲ့ကစားသမား မဟုတ်တော့ပါဘူး။ ဟာလန်း အဆင်ပြေနေသလားဆိုတာ နော်ဝေလက်ရွေးစင် အသင်းကပဲ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။
သူတို့အသင်း ဒီလိုအခြေအနေဆီ ရောက်ရှိလာဖို့ အားထုတ်မှုတွေ၊ အာရုံစူးစိုက်မှုတွေ အများကြီး ပြုလုပ်ထားရပါတယ်။ အခု သူတို့ ခြေစမ်းပွဲစဉ်တွေ ကစားရဖို့ရှိနေပြီး ဒီအခြေအနေကို ပညာသားပါပါကိုင်တွယ်သွားရပါမယ်။ သူတို့တွေ လုပ်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
မန်စီးတီးက အခုနိုင်ငံတကာသီတင်းပတ်အပြီး မတ် ၃၁ ရက်မှာ ပရီးမီးယားလိဂ်အရေးကြီး ပွဲစဉ်အဖြစ် အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရပြီးနောက် ဧပြီ ၂ ရက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။
မန်စီးတီးအတွက် ဒီဘရိုင်း၊ အီဒါဆန်တို့ရဲ့ဒဏ်ရာပြဿနာခြောက်လှန့်မှုတွေ ရှိနေချိန်မှာပဲ နော်ဝေလက်ရွေးစင်အသင်းဆရာဝန်အိုလာဆန်က ဟာလန်းနဲ့ပတ်သက်ပြီး “ဘာပြဿနာမှမရှိပါဘူး”လို့ TV 2 Sport သတင်းဌာနနဲ့တွေ့ဆုံစဉ် ဖွင့်ဟပြောဆိုလာပါတယ်။
မန်စီးတီး ဂိုးသွင်းစက်က ခြေဖဝါးဒဏ်ရာကြောင့် အခုဘောလုံးရာသီအတွင်း နှစ်လကျော် အနားယူခဲ့ရပါတယ်။