ဘဏ္ဍာရေး စည်းမျဉ်း တင်းကြပ်မှု၊ အရေးယူမှုတွေ ခပ်စိပ်စိပ် လုပ်နေတဲ့ ပရီးမီးယားလိဂ်နဲ့ စိုးရိမ်ဖွယ် သတိပေးခံရတဲ့ စီးတီး၊ ချဲလ်ဆီး
ချဲလ်ဆီးနှင့် မန်စီးတီးတို့ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိပါက ပရီးမီးယားလိဂ်မှ ကန်ထုတ်ခြင်း ခံရမယ်လို့ သတိပေးခြင်းခံလာရပါတယ်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ကို အရေးယူလိုက်တဲ့နောက် FFP ဘဏ္ဍာရေး စည်းမျဉ်း ကိစ္စဟာ အတော်လေး လူပြောများတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကလပ်အသင်းကြီးတွေ ကိုယ်တိုင်လေး ဈေးကွက်ထဲ စိတ်ရှိတိုင်း မလုပ်ရဲဘဲ ဘဏ္ဍာရေး ဟန်ချက်ကို သတိထား ထိန်းညှိနေကြပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အရေးယူမှုဟာ ပုံသေမဟုတ်ဘဲ အဲဗာတန်ကို ကနဦး ၁၀ မှတ်၊ နော်တင်ဟမ် ဖောရက်စ်ကို ၄ မှတ် အမှတ်လျော့ခဲ့တာပါ။ နောက်ပိုင်းမှာ အဲဗာတန်ကို ၆ မှတ်လျော့အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ခုကို ချိုးဖောက်မှုဖြင့် စွဲချက်တင်ခြင်းခံထားရပါတယ်။
လွတ်လပ်တဲ့ ကော်မရှင်အဖွဲ့ဟာ ယခုနှစ် နှောင်းပိုင်းတွင် မန်စီးတီးအမှုများကို စတင် စစ်ဆေးကြားနာဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးကတော့ စွဲချက်တင်ခြင်းမခံထားရသေးပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ယခင်ပိုင်ရှင်ဟောင်း ရိုမန်အေဘရာမိုဗစ်ချ်မှာ ကလပ်ရဲ့ ဘဏ္ဍာရေးစာရင်းထဲတွင် မထည့်သွင်းဘဲ အေးဂျင့်များကို ငွေပေးမှု ပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိထားမှုနှင့်အတူ အရေးယူခြင်းခံလာရဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းအရ လွတ်လပ်တဲ့ ကော်မရှင်အနေဖြင့် ကလပ်များကို သတိပေးခြင်းမှ စတင်ကာ ပရီးမီးယားလိဂ်မှ ထုတ်ပယ်နိုင်တဲ့အထိ ပြုလုပ်နိုင်ပါတယ်။
မန်စီးတီးမှာ အမှုများစွာ စွဲချက်တင်ခြင်းခံထားရရာ အမှုအားလုံး ရှုံးပါက တန်းချခံရတဲ့အထိ အရေးယူခံရနိုင်ပါတယ်။
ရမှတ် ၁၀ မှတ်လျှော့ချခြင်းခံထားရပြီး ဖြစ်တဲ့ အဲဗာတန်မှာလည်း အမြတ်နှင့် ရေရှည် တည်တံ့ရေး စည်းမျဉ်းချိုးဖောက်မှုကြောင့် နောက်ထပ် ရမှတ် လျှော့ချခြင်းခံရနိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ချန်ပီယံရှစ်မှာ ကစားနေတဲ့ လက်စတာ အသင်းဟာလည်း မနေ့ညကပဲ ပရီးမီးယားလိဂ်ရဲ့ စွဲချက် တင်ခြင်း စတင် ရင်ဆိုင်ရပြီ ဖြစ်ပါတယ်။
