One မှာ ဂျပန်ဖိုက်တာကို လက်သီးတွဲလုံးတွေဖြင့် အလဲထိုး အနိုင်ယူလိုက်တဲ့ မြန်မာဖိုက်တာ ဆွန်ရက်

မြန်မာမွေထိုင်းဖိုက်တာ ဆွန်ရက်ဟာ ထိုင်းက One Fight ပွဲတွေမှာ ငါးပွဲထိုးထားပြီး တစ်ပွဲသာနိုင်ထားသလို လေးပွဲဆက်တိုက်ကလည်း ရှုံးထား​သေးတာပါ။ ဒါပေမဲ့လည်း One က သူ့ထိုးသတ်ပုံသဘောကျတဲ့အတွက် One Friday Fights 56 မှာ ဂျပန်လူမျိုး မွေထိုင်းဖိုက်တာ Masaya Katsuno နဲ့ ထပ်မံပွဲတည်ပေးချိန်မှာတော့ ခွန်ရက်က အလဲထိုးနဲ့အနိုင်ယူပြီး ဆုကြေးဘတ် ၃၅၀၀၀၀ ခွဲပါ ဆွတ်ခူးသွားခဲ့ပါတယ်။

မြန်မာမွေထိုင်းဖိုက်တာ Sonrak ဟာ ထိုင်းနိုင်ငံ Fairtex Pattaya ရဲ့ ကစားသမားဖြစ်ပြီး One မှာ ငါးပွဲထိုးထားရာမှာ ပထမတစ်ပွဲနိုင်ပြီး နောက်ဆုံး ၄ ပွဲမှာ ၄ ပွဲစလုံး ရှူံးနိမ့်ထားတာပါ။ ၂ ပွဲက အမှတ်အဆုံးအဖြတ်နဲ့ရှုံးပြီး ၂ ပွဲက အလဲထိုးနဲ့ ရှုံးထားတာပါ။

ဒါပေမဲ့ သူထိုးသတ်ရတာက ထိုင်းဖိုက်တာတွေချည်းဖြစ်ပြီး One မှာကလည်း ထိုင်းလူမျိုးဦးစားပေးတာ၊ ဘက်လိုက်တာ၊ ထိုင်းဖိုက်တာဖိအထိုးခံနေရရင် အလဲထိုးမခံရအောင် ကူညီတာမျိုးတွေနဲ့ မွေထိုင်းဖိုက်တာကို ကူညီတာတွေရှိနေတာမို့လို့ ဒီတစ်ကြိမ်ဂျပန်လူမျိုးဖိုက်တာနဲ့တွေ့ချိန်မှာတော့ လွတ်လွတ်လပ်လပ် မျှမျှတတထိုးလို့ရမယ် မျှော်လင့်ခဲ့ကြတာပါ။

မျှော်လင့်ခဲ့တဲ့အတိုင်းပါပဲ။ One မှာ ပထမဆုံးပွဲဦးထွက်တဲ့ ခါဆုနိုဟာ ဆွန်ရက်ရဲ့ တရစပ်တိုက်စစ်တွေ ပါဝါလက်သီးတွေ၊ ချုပ်ဒူးတွေကို ယှဥ်မထိုးနိုင်ခဲ့ဘဲ ဘယ်ညာလက်သီးတွဲလုံးတွေနဲ့ ခါဆုနိုမျက်နှာ ခဏခဏမိတ်ဆက်နေခဲ့လို့ ပထမအချီတင် အလဲလဲအပြိုပြိုဖြစ်နေခဲ့တာပါ။

ဒုတိယအချီအစမှာတော့ ဆွန်ရက်ရဲ့ ညာခြေအမြင့်ကန်ချက်နဲ့ ပါဝါပြင်းတဲ့ ညာလက်သီးတွဲလုံးထိသွားချိန်မှာတော့ ခါဆုနိုတစ်ယောက်မူးဝေလဲကျနေရာက ပြန်မထနိုင်တော့ဘဲ အလဲထိုးနဲ့ရှုံးသွားရတော့တာပါပဲ…။

ဆွန်ရက်အတွက်လည်း ရှေ့မှာ ထိုင်းဖိုက်တာ ၄ ယောက်ကို ဆက်တိုက်ရှုံးထားသမျှ ပြန်အဖတ်ဆည်နိုင်ခဲ့တဲ့အပြင် ဒီပွဲမှာ သူထိုးသတ်ပုံကောင်းလွန်းတာနဲ့ အလဲထိုးအနိုင်ရခဲ့တာကြောင့် One က ချီးမြှင့်တဲ့ ဆုကြေး ဘတ် ၃၅၀၀၀၀ ပါ ဆွတ်ခူးသွားနိုင်ခဲ့တာပါ။