ဂွာဒီယိုလာနဲ့ စီးတီးကို တည့် ချဲလိုက်ပြီး အသင်းမှာ သူ ဘယ်လောက် လုပ်ပေးခဲ့သလဲ ရင်ဖွင့်လာတဲ့ ကန်ဆယ်လို

နည်းပြ နဲ့ အဆင်မပြေ ဖြစ်ပြီး အငှားထ ွက်လာတဲ့ ဂျာအို ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီးကို ပြန်သွားဖို့ အစီအစဉ်မရှိကြောင်း ပြသတဲ့အနေနဲ့ အသင်းဟောင်းအပေါ် ဒေါသတကြီး ပေါက်ကွဲပြခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကန်ဆယ်လိုဟာ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တို့မှာ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သူဖြစ်ပေမယ့်လည်း ဖလား ၃ လုံးရခဲ့တဲ့ရာသီအလယ်မှာ ဘိုင်ယန်မြူးနစ်ကို အငှားချခံခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီမှာလည်း နောက်ထပ်တစ်ရာသီ အငှားချခံခဲ့ရတာဖြစ်ပြီး ပေါ်တူဂီနောက်ခံကစားသမားဟာ ဘာစီလိုနာကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။

ကန်ဆယ်လိုရဲ့ မန်ချက်စတာစီးတီးနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ်အထိ ကျန်ရှိနေသေးတာဖြစ်ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ရဲ့ မှတ်ချက်ဟာ မိခင်ကလပ်နဲ့ နည်းပြ ဂွါဒီယိုလာတို့ကို ဒေါသထွက်စေခဲ့မှာ သေချာပါတယ်။

ကန်ဆယ်လိုက ဂွါဒီယိုလာဟာ ၎င်းကို ချန်လှပ်ခဲ့မှုကို တုံ့ပြန်ခဲ့မှုကြောင့် ထွက်ခွာခွင့်ပေးခဲ့တာဆိုတဲ့ သတင်းကို မေးမြန်းခဲ့ရာမှာ အလိမ်အညာတွေလို့ စွပ်စွဲခဲ့ပေမယ့်လည်း မန်စီးတီးက ကျေးဇူးမသိတတ်တဲ့အသင်းလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အလိမ်အညာတွေ ပြောနေကြတာ။ ကျွန်တော် ဘယ်တုန်းကမှ သူတို့အတွက် ဆိုးရွားတဲ့ အသင်းဖော်မဖြစ်ခဲ့ပါဘူး။ ခင်ဗျား အကီ ဒါမှမဟုတ် ရီကိုကို မေးလို့ရတယ်။ ကျွန်တော် သူတို့အပေါ်မှာ ဘာမှ အထက်စီးယူတာ၊ အသာစီးယူတာမျိုး မရှိပါဘူး။ ဒါပေမယ့် အဲဒါက နည်းပြရဲ့ ထင်မြင်ချက်ပါ။

ကျွန်တော် ဆက်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒါက မမှန်လို့ပါ။ မန်စီးတီးက အဲဒီလို သူတို့တွေ ပြောတာက ကျွန်တော့်ကို ကျေးဇူးမသိတတ်တာလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အဲဒီမှာရှိခဲ့တဲ့ နှစ်တွေအတွင်းမှာ အရမ်းအရေးပါတဲ့ကစားသမားဖြစ်ခဲ့လို့ပါ။

ကျွန်တော် ဘယ်တုန်းကမှ အသင်းအပေါ်မှာ၊ ပရိသတ်တွေအပေါ် ရေသာခိုတာမျိုးမရှိခဲ့ဘူး။ ကျွန်တော် အရာအားလုံး အမြဲတမ်း ပေးဆပ်ခဲ့တယ်။ ကျွန်တော် လုယက်ခံရပြီး တိုက်ခိုက်ခံခဲ့ရတဲ့အချိန်ကို မှတ်မိသေးတယ်။ နောက်နေ့ကျတော့ ကျွန်တော် အမ်းမရိတ်စ်မှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တယ်။

ခင်ဗျား မေ့လို့မရတဲ့အရာတွေရှိပါတယ်။ ကျွန်တော့် ဇနီးနဲ့ သမီးကို အိမ်မှာ ၂ ယောက်တည်း ပစ်ထားခဲ့တယ်။ သူတို့တွေ ကြောက်လန့်နေခဲ့ကြတယ်။ လူတွေက ဒါကိုပဲ မှတ်မိနေမှာပါ။ ဘာလို့လဲဆိုတော့ မစ္စတာ ဂွါဒီယိုလာက ကျွန်တော့်ထက်ပိုပြီး ပါဝါရှိလို့ပါ။

သူ တစ်ခုခုပြောတဲ့အခါကျရင် ကျွန်တော့်ရင်ထဲမှာပဲ သိမ်းထားပါတယ်။ ကျွန်တော် အမှန်တရားကို ပြောနေတယ်ဆိုတာကို သိစေချင်တယ်။ ကျွန်တော် လုပ်ခဲ့တာတွေအတွက် ကျွန်တော် ပြည့်စုံတယ်လို့ ခံစားရပါတယ်။ ကျွန်တော်က ပွင့်လင်းမြင်သာတဲ့သူပါ။ ဘယ်တုန်းကမှ မလိမ်ဘူး။

ဘဝဆိုတာ ဒီလိုပဲ သွားနေရမှာဖြစ်ပြီး အရာအားလုံး အဆင်ပြေပြေဖြစ်ဖို့ပဲ ကျွန်တော် ဆုတောင်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီမှာ ရှိနေတုန်းက ဘောလုံးကစားခဲ့ရတာနဲ့ အသင်းနဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့ရလို့ပါ။ သူတို့တွေက ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတုန်းပါပဲ။”လို့ ပြောဆိုခဲ့ပါတယ်။