မန္တာလာမြေမှာ ထိုင်း လက်ဝှေ့သမား ဖားဆိုလကို အလဲထိုးဖြင့် အနိုင်ယူသူ ကျော်စွာဝင်းအား ရန်နိုင်ထွန်း စိန်ခေါ်

မန္တလေးမြို့ ၊ မန္တလာသီရိကစားကွင်းတွင် ကျင်းပသည့် ရွှေမန်းမြေမှ ရိုးရာသူရဲကောင်းတို့ရဲ့ စီးချင်းထိုးပွဲ အဓိက ခေါင်‌တွဲဆိုင်း ဖြစ်သည့် ကျော်စွာဝင်း (မြန်မာ) နှင့် ဖွားဆိုလ(ထိုင်း)တို့ ပွဲစဉ်တွင် ရွှေမန္တလေးသား ကျော်စွာဝင်းက ပြိုင်ဘက် ဖွားဆိုလအား အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။

အသက် ၂၂ နှစ်အရွယ်မှာ လက်ဝှေ့ပွဲ ၉၂ ပွဲ ထိုးသတ်ထားတဲ့ ကျော်စွာဝင်းဟာ ရှုံးပွဲ လုံးဝ မရှိထားပါဘူး။ သူ့ရဲ့ သရေပွဲထဲမှာဆိုရင်လည်း သွေးသစ်ဝင်းလှိုင်လို မြန်မာပြည်ချန်ပီယံကို နှစ်ကျော့စလုံး ဂုဏ်မငယ်ရတဲ့သရေပွဲတွေနဲ့ ထိုးသတ်ထားပါတယ်။

ဖားဆိုလကလည်း ပွဲ ၁၀၀ မှာ ထိုးသတ်ပွဲ ၈၀ အနိုင်ရထားပြီး ရှုံးပွဲ ၂၀ မို့ မခေတဲ့ဖိုက်တာဖြစ်ပေမဲ့ မွေးရပ်​မြေကို အနိုင်နဲ့နှုတ်ဆက်ချင်တဲ့ ကျော်စွာဝင်းရဲ့ အစွယ်ချွန်မှုအောက်မှာ ဖားဆိုလအဖို့ မျက်နှာငယ်စရာ ရှုံးပွဲတိုးတော့တာပါ။

မန္တလာသီရိမှာထိုးသတ်တဲ့ဒီပွဲမှာ ကျော်စွာဝင်းက ပထမအချီကတည်းက တိုက်စစ်ဖွင့်တာပါ။ ဒါပေမဲ့ ဖားဆိုလကလည်း ကျော်စွာဝင်းကို ကပ်ထိုးလို့မရအောင် ထောက်ခြေတွေ၊ ထောက်လက်သီးတွေ၊ ဝင်လုံးရင် ကိုင်ပေါက်တာတွေနဲ့ အရပ်အမောင်းအားသာချက်အသုံးချပြီး ပါးပါးနပ်နပ်ထိုးသတ်ခဲ့တာပါ။

ဒုတိယအချီမှာတော့ အရပ်ငါးလက်မလောက်ပိုပုတဲ့ ကျော်စွာဝင်းက အတင်းဝင်လုံး၊ အတင်းဝင်ထိုးခဲ့ရာ ဒုတိယအချီ (၁) မိနစ် (၂၅) စက္ကန့်တွင် ဖွားဆိုလ အလဲထိုးခံရသဖြင့် အနားတောင်းရတော့တာပါ။

တတိယအချီမှာ မန္တလာကျားရိုင်းကျော်စွာဝင်းရဲ့ တရစပ်ထိုးသတ်မှုတွေပဲ ဖားဆိုလခံလိုက်ရပြီး အလဲထိုးခံရလို့ အမှတ်စဥ်ရေပြီးတာတောင် လှူပ်နိုင်ထနိုင်တာ မမြင်ရတော့တဲ့အထိကို အခြေအနေဆိုးခဲ့ပါတော့တယ်။

ဒီနေ့ပွဲမှာ ထူးခြားချက်က ဒုခေါင်ပွဲမှာ သက်ဝင်းအောင်ကို အလဲထိုးအနိုင်ရသူ ရန်နိုင်ထွန်းက သွေးသစ်ဝင်းလှိုင်နဲ့ ကျော်စွာဝင်းကို သူ့အိမ်ကွင်းမွေးရပ်မြေက မန္တလာပရိသတ်ရှေ့မှာ စိန်ခေါ်သွားခဲ့တာပါ။

စိန်ခေါ်သူရန်နိုင်ထွန်းနဲ့ ကျော်စွာဝင်းတို့ တွဲဆိုင်း မကြာခင်မြင်ရမလားဆိုတာကတော့… ။